မေ ၃၊ ဆိုးလ်
ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်ရေးကင်းမဲ့ဇုန်တွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။
မေလ ၃ ရက် နံနက် ၇ နာရီ ၄၁ မိနစ်အချိန်တွင် မြောက်ကိုရီးယားနိုင်ငံဘက်မှ ပစ်ခတ်မှုကြောင့် အလယ်ပိုင်းနယ်စပ်မြို့ဖြစ်သည့် ချီအော်ဝမ်မြို့ရှိ တောင်ကိုရီးယားကင်းစခန်းကို ထိမှန်ခဲ့သည်ဟု ဆိုသည်။ အဆိုပါဖြစ်ရပ်ကြောင့် တောင်ကိုရီးယားနိုင်ငံဘက်တွင် သေဆုံးသူမရှိခဲ့ဟု သတင်းများက ဖော်ပြသည်။ မြောက်ကိုရီးယားနိုင်ငံ၏ ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံက ပစ်ခတ်မှု နှစ်သုတ် လုပ်ခဲ့ပြီး ညွှန်ကြားချက်အတိုင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန် ကြေညာခဲ့သည်။ တောင်ကိုရီးယားအရာရှိများက မြောက်ကိုရီးယားနိုင်ငံကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
သို့သော် ပစ်ခတ်မှုစတင်ဖြစ်ပွားရသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။ ယခုဖြစ်ရပ် မှာ ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားစစ်သည်များက တောင်ကိုရီးယား နိုင်ငံဘက်ကို တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီးတွင် နှစ်နိုင်ငံကြား အကာအကွယ်ဖြစ်စေရန်အတွက် စစ်ရေးကင်းမဲ့ဇုန်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း တောင်ကိုရီးယားအစိုးရက လုံခြုံရေးအစောင့်အကြပ်ထူထပ်လွန်းသည့် စစ်ရေးကင်းမဲ့ဇုန်ကို ငြိမ်းချမ်းရေးဇုန် အဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းခဲ့ဖူးသည်။
Ref:BBC(KNT)