နိုဝင်ဘာ ၂၆၊ တီဟီရန်
သူလျှိုလုပ်သည်ဆိုသောစွဲချက်ဖြင့် အီရန်နိုင်ငံတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် ဗြိတိန်-သြစတြေးလျနိုင်ငံသူကို အကျဉ်းသား အလဲအလှယ်လုပ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
မဲလ်ဘုန်းတက္ကသိုလ်တွင် စာပို့ချသူအဖြစ် ဆောင်ရွက်ခဲ့သည့် ခိုင်လီမိုးဂီဘတ်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက အီရန်နိုင်ငံတွင် ထိန်းသိမ်းခံထားရသူဖြစ်သည်။ ကမ်းဘရစ်ချ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ဒေါက်တာခိုင်လီမိုးဂီဘတ်မှာ သြစတြေးလျနိုင်ငံကူးလက်မှတ်ဖြင့် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် အီရန်နိုင်ငံမှပြန်ရန် တီဟီရန်လေဆိပ်သို့ သွားခဲ့ချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းကို လျှို့ဝှက်ရုံးတင်စစ်ဆေးခဲ့ရာ ခိုင်လီမိုးဂီဘတ်က စွဲချက်အားလုံးကို ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ ပြည်ပတွင် ဖမ်းဆီးခံထားရသည့် အီရန်နိုင်ငံသား ၃ ဦးနှင့် အကျဉ်းသားအလဲအထပ်လုပ်ပြီး ခိုင်လီမိုးဂီဘတ်ကို ပြန်လွှတ်ပေးခဲ့ခြင်းဟု အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ခိုင်လီမိုးဂီဘတ်နှင့် အလဲအလှယ်လုပ်ခဲ့သည့် အီရန်အကျဉ်းသား ၃ ဦး၏အမည်ကို ဖော်ပြခြင်းမရှိသေးပေ။ အကျဉ်းသား အလဲအလှယ်လုပ်မှုကို ဖော်ပြခဲ့ဖွယ်ရှိသည့် ဗီဒီယိုကို အီရန်နိုင်ငံပိုင် IRIB ရုပ်သံလိုင်းနှင့် Tasnim ဝက်ဘ်ဆိုက်က ဖော်ပြသည်။
Ref:BBC(KNT)