နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချိစ် (ခေါ်) ဒိန်ခဲနှင့် ကျန်းမာရေး

နိုဝင်ဘာ ၂၃

Cheese (ချိစ်)ဆိုသော ဝေါဟာရဟာ လက်တင်ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ အလွန်ရှေးကျသော အင်္ဂလိပ်ခေတ်က Cese(စိစ်) ဟုခေါ်ဝေါ်ခဲ့ကြပြီး၊ ကာလရွေ့လျားလာပြီးနောက် Cheese (ချိစ်)ဟု အမည်တွင်လာခဲ့သည်။

ချိစ်ဆိုသည်မှာ နို့ကိုမှိုတက်အောင် ကဇော်ဖောက်ထားပြီး၊ မဆိုသလောက် အငန်ဓာတ်ကဲထားသော အနှစ်ခဲဖြစ်ကာ၊ အဆီဓာတ်နှင့် ပရိုတင်းတို့အမြောက်အများပါ၀င်သည့် နို့ထွက်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ သူ့နိုင်ငံ၊ သူ့ရေမြေဒေသ၊ ထုံးတမ်းဓလေ့ပေါ်မူတည်ပြီး၊ ချိစ်ကို နွားနို့၊ ဆိတ်နို့၊ သိုးနို့၊ ကျွဲနို့၊ တန်ဒြာဒေသ သမင်နို့၊ ကုလားအုပ်နို့၊ စာမရီ(ခေါ်) တိဗက်နွားနို့ စသည်တို့မှပြုလုပ်ကြသည်။ အသုံးပြုထားသော နို့အမျိုးအစား၊ နို့ကိုကျိုချက်ကာ ဒိန်ခဲစေသော နည်းပညာ၊ အဏုဇီ၀ဘက်တီးရီးယားများကိုသုံးပြီး အချဉ် ဖောက်၍ မှိုတက်စေသောနည်းပညာ၊ ဆားထည့်၀င်မှုပမာဏ၊ အပူရှိန် အနိမ့်/အမြင့်၊ ပြုလုပ်သော ကြာချိန်၊ အစိုဓာတ်ထိန်းသိမ်းထားမှု၊ လေပါ၀င်မှု အနည်းအများ စသည်တို့အပြင် ပြုလုပ်သူ၏အတွေ့အကြုံနှင့် နည်းပရိယာယ်ပေါ်မူတည်ပြီး ချိစ်၏ အနံ့၊ အရသာ၊ ပုံသဏ္ဍာန်၊ ချိစ်အသားနှင့် အရောင်အဆင်းတို့ ကွဲပြား ခြားနားကြသည်။ ယနေ့ကမ္ဘာပေါ်မှာ ချိစ် (ခေါ်) ဒိန်ခဲအမျိုးအစားပေါင်း ၂၀၀၀ ကျော်ရှိသည်။ နို့ကိုအခြေခံ၍ ပြုလုပ်ထားသဖြင့်  နို့မှာပါ၀င်သော အာဟာရဓာတ်တွေ ချိစ်တွင် ဆက်လက်ပါ၀င်နေပါသည်။ ထို့ကြောင့် ချိစ်က ပရိုတင်းဓာတ်ကြွယ်၀၍ သက်သက်လွတ်စားသုံးသူများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ သည်များအတွက် အကျိုးရှိစေသည်။

ကယ်လ်စီယမ်ဓာတ်ကြွယ်၀စွာပါရှိနေပြီး၊ ချိစ်ထဲမှာပါ၀င်သော ကယ်လ်စီယမ်ဓာတ်သည် အော်ဂဲနစ်ကယ်လ်စီယမ်ဓာတ်ဖြစ်၍ အရိုးနှင့် သွားများကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည်။

ထို့အပြင် အရပ်ရှည်လိုသော ကလေးများ၊ အရိုးကျိုးသောကလေး များနှင့် အသက်အရွယ်ကြီး၍ အရိုးပါး၊ အရိုးပွရောဂါဖြစ်နေသူများအတွက် ချိစ်ကို ဓာတ်စာအဖြစ် မှီဝဲသင့်ပါသည်။ အာဟာဓာတ်ဖြည့်တင်းပေးနိုင်၍ ခန္ဓာကိုယ်ကြီးထွားဆဲ ကျောင်းနေရွယ်ကလေးငယ်များနှင့် အထူးသင့်တော်သည်။ ချိစ်က သွားပိုးမစားအောင် ကာကွယ်ရာမှာ များစွာအထောက်အကူပြုသည်။ ချိစ်ထဲတွင်ပါရှိသည့် ပရိုဘိုင်အိုတစ် ဘက်တီးရီးယားတွေက အစာအိမ်နှင့် အူလမ်းကြောင်းကို များစွာအထောက်အကူပြုသည့်အပြင်၊ ၀မ်းပျက်၀မ်းလျှောမဖြစ်အောင်လည်း ကာကွယ်ပေးသည်။

ပိန်သောသူများနှင့် အာဟာရချို့တဲ့သူများအတွက် အဆီမထုတ်ထားသော ဒိန်ခဲကို ရွေးချယ်စားပေး ပါ။ သို့သော် ကယ်လိုရီမြင့်မားသည့် အစားအစာဖြစ်၍ ဝသောသူ၊ အဆီဓာတ်များသူ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါရှိသူများအနေဖြင့် အဆီထုတ်ထားသော ဒိန်ခဲကိုသာစားသင့်ပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ