နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၅ ခုနှစ် အီရန်နျူကလီးယားစာချုပ်ကို ပြန်အသက်မသွင်းသင့်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

နိုဝင်ဘာ  ၂၃၊ ဂျေရုစလင်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖျက်သိမ်းခဲ့သည့် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားစာချုပ်ကို ပြန်လည်ချုပ်ဆိုခြင်းမပြုသင့်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောခဲ့သည်။ နေတန်ယာဟုက အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို သတင်း စကားပါးခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။


အီရန်နိုင်ငံက စာချုပ်ပါ ကန့်သတ်ချက်များကို ပြန်လည်လိုက်နာမည်ဆိုပါက နျူကလီးယားစာချုပ်တွင် အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်လာနိုင်သည်ဟု ဂျိုးဘိုင်ဒင်က ပြောခဲ့သည်။ အခြားနိုင်ငံများကို မတည်မငြိမ်ဖြစ်စေသည့် အီရန်နိုင်ငံ၏ လှုပ်ရှားမှုများကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရန် ကြိုးပမ်းပြီး နျူကလီးယားစာချုပ် ပိုမိုအားကောင်းလာစေရေးအတွက် ဖြည့်စွက်မှုများ ပြုလုပ်ရန် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။


၂၀၁၅ ခုနှစ်က အီရန်နိုင်ငံ၏ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်အရ အီရန်နိုင်ငံတွင် နျူကလီးယားလက်နက် မဖန်တီးနိုင်စေရေးအတွက် ယင်းတို့၏ နျူကလီးယားစီမံကိန်းကို ကန့်သတ်ပြီး စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့သည်။ သို့သော် အဆိုပါစာချုပ်တွင် အရှေ့အလယ်ပိုင်းကို မတည်မငြိမ်ဖြစ်စေသည့် အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်စီမံကိန်း၊ အီရတ်၊ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံများရှိ ပြည်သူ့စစ်တပ်ဖွဲ့များအပေါ် အီရန်နိုင်ငံ၏ ပံ့ပိုးမှုကို တားဆီးကန့်သတ်သည့်အချက်များ ပါဝင်ခြင်းမရှိခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ဒေါ်နယ်ထရမ့်က အဆိုပါစာချုပ်ကို ဖျက်သိမ်းခဲ့သည်။


''နျူကလီးယားသဘောတူစာချုပ်ဟောင်းကို ပြန်အသက်မသွင်းသင့်ပါဘူး။ အီရန်နိုင်ငံက နျူကလီးယား လက်နက် မထုတ်လုပ်နိုင်ဘူးဆိုတာ သေချာစေမယ့် ပြတ်သားခိုင်မာတဲ့ မူဝါဒကို စွဲကိုင်ထားရမှာပါ'' ဟု နေတန်ယာဟုက ပြောသည်။ နေတန်ယာဟုက ဂျိုးဘိုင်ဒင်၏အမည်ကို တိုက်ရိုက်သုံးနှုန်းခဲ့ခြင်းမရှိသော်လည်း ယင်း၏စကားများမှာ အမေရိကန်သမ္မတသစ်ကို သတင်းစကားပါးခြင်းဖြစ်သည်ဟု အစ္စရေးမီဒီယာများက ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ