နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံသားများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ဖွယ်ရှိဟု ဆို

နိုဝင်ဘာ  ၂၃၊  ဝါရှင်တန်


အမေရိကန်နိုင်ငံသားများမှာ အစောဆုံးအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစီမံကိန်းအကြီးအကဲ ဆလာအိုဝီက ပြောသည်။ ကာကွယ်ဆေးကို အတည်ပြုပြီးပါက ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးနှံရာ နေရာများသို့ ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း ဆလာအိုဝီက ဆိုသည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။


အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂ သန်းကျော်ရှိနေပြီး ၂၅၅၀၀၀ သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမနီအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းဖန်တီးသည့် ကာကွယ်ဆေးကို အမေရိကန်နိုင်ငံတွင် အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးရန် ကုမ္ပဏီများက ပြီးခဲ့သည့်သောကြာနေ့တွင် လျှောက်ထားခဲ့ကြသည်။ ၂ ကြိမ် ထိုးနှံရန် လိုအပ်သည့် Pfizer ကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု ကနဦးရလဒ်များတွင် တွေ့ရသည်။


Pfizer ကုမ္ပဏီမှာ ယခုနှစ်ကုန်တွင် ကာကွယ်ဆေးအဖုံ သန်း ၅၀ အထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။ အမေရိကန် FDA ၏ ကာကွယ်ဆေးဆိုင်ရာ အကြံပေးကော်မတီက Pfizer ကာကွယ်ဆေးကို ခွင့်ပြုချက် ပေးမည် ဟုတ်၊ မဟုတ်ဆိုခြင်းကို ဒီဇင်ဘာလ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် လာမည့်မေလတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် မျှော်မှန်းထားကြောင်း ဆလာအိုဝီက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ