နိုဝင်ဘာ ၂၂၊ ဘေရွတ်
လက်ဘနွန်နိုင်ငံတွင် ထောင်ဖောက်ထွက်ပြေးလာသည့် အကျဉ်းသားများ ခိုးယူလာခဲ့သည့်ကားမှာ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းကြောင့် အကျဉ်းသားငါးဦး သေဆုံးခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက် နံနက် အစောပိုင်းက ဘေရွတ်မြို့အနီးရှိ အကျဉ်းထောင်တွင် အကျဉ်းသား ၆၉ ဦးက အကျဉ်းခန်းတံခါးများကို ချိုးဖျက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
အကျဉ်းသားခြောက်ဦးက ကားတစ်စီးကို ခိုးယူထွက်ပြေးခဲ့ကြရာ ယင်းတို့ လိုက်ပါလာသည့်ကားမှာ သစ်ပင်ကို ဝင်တိုက်မိခဲ့ပြီး အကျဉ်းသားငါးဦး သေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာရခဲ့သည်။ အကျဉ်းသား ၁၅ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းသားတစ်ဦးကို ယင်း၏မိခင်က ပြန်လည်အပ်နှံခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက အဆိုပါနေရာတွင် ရှာဖွေမှုများ ပြုလုပ်နေပြီး ဒေသခံများအနေဖြင့် သတိဝီရိယရှိကြရန် တိုက်တွန်းထားသည်။ အာဏာပိုင်များက ထောက်ဖောက်မှု ဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အကျဉ်းသားများနှင့် အစောင့်အကြပ်များ ပူးပေါင်းလှုပ်ရှားခဲ့သည်ဆိုခြင်းကို ငြင်းဆန်နိုင်ခြင်းမရှိကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောသည်။
Ref:BBC(KNT)