နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခမဲ့ Fever Clinic များ တိုးချဲ့ဖွင့်လှစ်ရန် နေရာအခက်အခဲများ ရှိနေ

ရန်ကုန်   မေ  ၂

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19  ကူးစက်ပြန့်ပွားမှုကာလအတွင်း သာမန်ဖျားနာသူများအား ကုသ ပေးနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် အခမဲ့ Fever Clinic များ ဖွင့်လှစ်လာကြပြီး စေတနာ့ဝန်ထမ်း ဆရာဝန်များနှင့် သူနာပြုများက ကုသပေးနေကြောင်း သိရသည်။

အဆိုပါ အခမဲ့ Fever Clinic များအတွက် လိုအပ်သော အကာအကွယ်ပစ္စည်းများ၊ ကုသရေးပစ္စည်း၊ ဆေးဝါးများနှင့် တခြားလိုအပ်သည်များကို အလှူရှင်များက ကူညီထောက်ပံ့နေကြပြီး လက်ရှိတွင် အခမဲ့ Fever Clinic များ အရေအတွက် နည်းပါးနေသေးသဖြင့် နောက်ထပ်တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်နေသော်လည်း အဓိကအားဖြင့် ဆေးခန်းဖွင့်လှစ်နိုင်မည့် နေရာအခက်အခဲများရှိနေကြောင်း သိရသည်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှနေ၍ Fever Clinic များအတွက် ညွှန်ကြားချက်များကို ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုညွှန်ကြားချက်များတွင် ဝတ်ဆင်ရမည့် PPE Level ၊ ထားရှိရမည့် Facility များ၊ လူနာများအား ဝန်ဆောင်မှုပေးခြင်းများအပြင် ဆေးခန်းတည်နေရာ၊ အကျယ်အဝန်းနှင့် ပတ်သက်၍လည်း ညွှန်ကြားချက်များ ပါရှိကြောင်း သိရသည်။

"အခုအခါမှာ နောက်ထပ်အခမဲ့ Fever Clinic တွေတိုးချဲ့ဖွင့်လှစ်နိုင်ဖို့အတွက် နေရာက အဓိကကျတဲ့ အခက်အခဲဖြစ်နေတယ်။ လက်ရှိမှာ ယာယီပိတ်ထားရတဲ့ တချို့ရုံးတွေနဲ့ ကျောင်းတွေမှာ ကျယ်ဝန်းတဲ့နေရာတွေ၊ အဆောက်အအုံတွေတော့ ရှိတယ်။ အဲဒီအဆောက်အအုံတွေရဲ့သက်ဆိုင်ရာ အာဏာပိုင်တွေ၊ မြို့နယ်မှာရှိတဲ့ ကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အဆင်ပြေရင် ဆေးခန်းဖွင့်ဖို့အတွက် လုံလုံလောက်လောက် ကျယ်ဝန်းတဲ့နေရာ ရရှိနိုင်တယ်" ဟု အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ဥက္ကလာမြို့နယ်ရှိ အခမဲ့ Fever Clinic မှတာဝန်ရှိတစ်ဦးက ပြောသည်။

ယခုအခါ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးခန်းအများစုတွင် လည်ချောင်းနာ၊ ချောင်းဆိုးပြီး ဖျားနာသူများကို လက်ခံကုသပေးခြင်းမရှိဘဲ သက်ဆိုင်ရာမြို့နယ်များရှိ အစိုးရဆေးရုံ၊ဆေးခန်းများ၊ Fever Clinic များသို့သာ သွားရောက်ပြသကြရန် မေတ္တာရပ်ခံထားကြကြောင်း သိရသည်။     

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ