နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိတ်ဆို့ထားစဉ် ၁၇၉ မိုင်ကွာဝေးသည့် မွေးရပ်မြေကို လမ်းလျှောက်ပြန်ခဲ့သည့် အိန္ဒိယ ရွှေ့ပြောင်းလုပ်သား အမောဖောက်ပြီး သေဆုံး

COVID-19 ကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ပိတ်ဆို့ထားချိန်တွင် ၁၇၉ မိုင်ကွာဝေးသည့် နေအိမ်ရှိရာသို့ လမ်းလျှောက်ပြန်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းလုပ်သားတစ်ဦး အမောဖောက်ပြီး လဲကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အသက် ၄၀ အရွယ်ရှိသည့် ရွှေ့ပြောင်းလုပ်သား ရန်ဗီရာဆင်းမ်မှာ နယူးဒေလီမြို့တွင် ပါဆယ်ပို့သူအဖြစ် အလုပ်လုပ်ခဲ့သူဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း ပိတ်ဆို့ထားရာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ရပ်နားထားပြီး မဖြစ်မနေသွားရန် လိုအပ်သည့်ယာဉ်များကိုသာ ခွင့်ပြုပေးထားသည်။ ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး အလုပ်သမား ထောင်ပေါင်းများစွာမှ မြို့ပြကိုစွန့်ခွာ၍ ယင်းတို့၏မွေးရပ်မြေထံ ဦးတည်ပြန်သွားလျက်ရှိသည်။ ရန်ဗီရာဆင်းမ်မှာ ပြီးခဲ့သည့်စနေနေ့တွင် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့မှ အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ယင်း၏မွေးရပ်မြေသို့ လမ်းလျှောက်ပြန်လာခဲ့သည်။ ရန်ဗီရာဆင်းမ်မှာ မဟာပရာဒက်ရှ်ပြည်နယ်၊ မိုရီနာခရိုင်သို့ ဦးတည်သွားခဲ့သော်လည်း နယူးဒေလီမြို့မှ ၁၃၄ မိုင်ကွာဝေးသည့် အက်ဂရာမြို့အရောက်တွင် အမောဖောက်လဲကျခဲ့ခြင်းဟု ရဲအရာရှိ အာဗင်ကူးမာက ပြောသည်။ “သေမှုသေခင်း စစ်ဆေးမှုအရ ရန်ဗီရာဆင်းမ်က နှလုံးဖောက်ခဲ့တာပါ။ ခရီးဝေးလမ်းလျှောက်ရလို့ အမော ဖောက်ပြီး နှလုံးရောဂါဖောက်ခဲ့တာလို့ ယုံကြည်ပါတယ်’’ ဟု အာဗင်ကူးမာက ပြောသည်။ ရန်ဗီရာဆင်းမ် လဲကျသွားပြီးနောက် အနီးနားရှိ ဈေးဆိုင်မှ ဈေးရောင်းသူတစ်ဦးက ယင်းကို လက်ဖက်ရည် နှင့် စားစရာအချို့ပေးခဲ့သည်။ သို့သော် ရန်ဗီရာဆင်းမ်မှာ ရင်ဘတ်အောင့်သည်ဟု ညည်းတွားပြီး မကြာမီ သေဆုံးခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ ငွေကြေးအခက်အခဲ သက်သာလျော့ပါးစေရန်အတွက် ပြည်နယ်များအနေဖြင့် ကူညီပေးရန် ဗဟိုအစိုးရက ထုတ်ပြန်ကြေညာထားသည်။ ရွှေ့ပြောင်းလုပ်သားများက ပြည်နယ်နယ်စပ်များကို ဖြတ်ကျော်သွားလာခြင်းမှာ ပိတ်ဆို့မှုကို ချိုးဖောက်ရာရောက်သည်ဟု ဆိုသည်။ ရွှေ့ပြောင်း လုပ်သားများ ပြည်နယ်အတွင်းမှ ထွက်ခွာမသွားစေရန်အတွက် ပြည်နယ်များအနေဖြင့် အစားအစာနဲ့ ခိုလှုံရာနေရာပေးရန်၊ ပြည်နယ်အတွင်းမှ ထွက်သွားသူများကိုလည်း အခြားနေရာတွင် အသွားအလာ ပိတ်ဆို့ထားရန် တိုက်တွန်းထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ