နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၇ ချက်အနက် ၅ ချက်ကို ပယ်ချ

နိုဝင်ဘာ  ၁၉၊ ဘန်ကောက်


ထိုင်းလွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၇ ချက်အနက် ၅ ချက်ကို မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့သည်။ ပယ်ချခဲ့တဲ့ အဆိုပြုချက်များတွင် ထိုင်းဘုရင်၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်ပေးရန် တောင်းဆိုသည့် အဆိုပြုချက်လည်း ပါဝင်နေသည်။ ထိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့သည့်  ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညနေက ဘန်ကောက်မြို့၏ စီးပွားရေးအချက်အချာနေရာဖြစ်သည့် ရက်ချာပရာဆောင်လမ်းဆုံမှာ လူငယ် ၁၀၀၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြသည်။


ဆန္ဒပြပွဲတွင် ဝန်ကြီးချုပ် ပရာယွန်ချန်အိုချာနှင့် အစိုးရအဖွဲ့ နုတ်ထွက်ပေးရေး၊ လွှတ်တော်ပြင်ပအဖွဲ့အစည်း များနှင့် တိုင်ပင်ပြီး အခြေခံဥပဒေပြင်ဆင်ရေး၊ ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေး စသည့်အချက်များကို အဓိကတောင်းဆိုခဲ့ကြသည်။ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၇ ချက်ကို အာဏာရညွန့်ပေါင်းအဖွဲ့၊ အတိုက်အခံပါတီများနှင့် iLaw ဟု အမည်ရတဲ့ အရပ်ဘက်အဖွဲ့အစည်းက တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

iLaw ၏ အဆိုပြုချက်မှာ ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများ အလိုလားဆုံး တောင်းဆိုချက်တစ်ရပ်ဖြစ်ပြီး ထိုင်းဘုရင်၏ လုပ်ပိုင်ခွင့်အာဏာကို တားဆီးကန့်သတ်ရေးဖြစ်သည်။ ဒုတိယအကြိမ် ဖတ်ကြားမှုလုပ်ရန် အတည်ပြုခဲ့သည့် အဆိုပြုချက် ၂ ရပ်တွင် အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ အဆိုပြုချက် တစ်ရပ်၊ အတိုက်အခံပါတီများ၏ အဆိုပြုချက်တစ်ရပ် ပါဝင်သည်။


အာဏာရညွန့်ပေါင်းအဖွဲ့၏ အဆိုပြုချက်မှာ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို လွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် ၁၅၀ ဦး၊ လွှတ်တော်ပြင်ပရှိ ကျွမ်းကျင်ပညာရှင် ၅၀ ဦးဖြင့် စုဖွဲ့ရန် အဆိုပြုခြင်းဖြစ်သည်။ အတိုက်အခံပါတီများ၏ အဆိုပြုချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှု ပြန်လည်သုံးသပ်ရေးကော်မတီကို ရွေးကောက်ခံကိုယ်စားလှယ် ၂၀၀ ဦးဖြင့် ဖွဲ့စည်းရန် အဆိုပြုခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၄ ရက်တွင် အထက်လွှတ်တော်အမတ် ၁၅ ဦး၊ အောက်လွှတ်တော်အမတ် ၃၀ ဦး တွေ့ဆုံဆွေးနွေးမှု၌ ဒုတိယအကြိမ် ဖတ်ကြားမှုလုပ်မည်ဟု သိရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ