နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ် အလုပ်သမားများကို EU in Myanmar က ထောက်ပံ့ကြေးများ စတင်ပေးအပ်

ရန်ကုန်   မေ  ၂

COVID-19 ကူးစက်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU in Myanmar) က မေလ ၁ ရက်မှစ၍ ထောက်ပံ့ကြေးများ ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် EU in Myanmar ၏ မြန်ကူ(Myan Ku) အရေးပေါ်ရန်ပုံငွေထဲမှနေ၍ အလုပ်လက်မဲ့ ဖြစ်သွားသော အလုပ်သမားတစ်ဦးကို တစ်လလျှင် ၇၅၀ဝ၀ ကျပ်နှုန်းဖြင့် ၃လဆက်တိုက် ထောက်ပံ့ ပေးအပ်မည်ဖြစ်ပြီး စုစုပေါင်း ယူရိုငွေ ၅ သန်း(ငွေကျပ် ၇ ဒသမ ၉ ဘီလျံ) အထိ ထောက်ပံ့သွားမည်ဟု သိရသည်။

သက်ဆိုင်ရာမှ ပြုစုထားသော စာရင်းများအရ ယခု COVID-19 ကူးစက်ပြန့်ပွားသော ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ အပြီးပိတ်လိုက်ကြသဖြင့် အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်အလုပ်သမားဦးရေ ၆၃၀ဝ၀ ကျော်ရှိပြီး အဆိုပါ အလုပ်သမားများအနေနှင့် ထောက်ပံ့ကြေးများ ရရှိခံစားနိုင်ရေးအတွက် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ အစည်းများမှ တစ်ဆင့် EU in Myanmar သို့ ဆက်သွယ်အကြောင်းကြားကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

"အလုပ်သမားတွေကို ပြောချင်တာက ငါရွာပြန်ရောက်နေလို့ စာရင်းမပါနိုင်ဘူးလို့ မတွေးဘဲနဲ့ လျှောက် ထားစေချင်ပါတယ်။ ဘယ်နေရာပဲရောက်နေပါစေ၊ ကိုယ့်ရွာပဲ ပြန်ရောက်နေကြပါစေ ထောက်ပံ့ကြေးရရှိမှာပါ။ ထောက်ပံ့ကြေးပေးတာကလည်း ဒီတစ်ရက်တည်း၊ ဒီတစ်လတည်း ပြုလုပ်မှာမဟုတ်ပါဘူး။ နောက်ရက်တွေ၊ နောက်လတွေလည်း ဆက်လုပ်သွားမှာပါ" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အလုပ်သမားအဖွဲ့အစည်းများက ပြုစုပေးသော အလုပ်သမားစာရင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူ များပူးပေါင်းကာ စနစ်တကျစိစစ်ပြီးနောက် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများဆီသို့ Wave Money မှတစ်ဆင့် ငွေသားတိုက်ရိုက် လွှဲပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက EU in Myanmar ၏ Hot line ဖုန်းနံပါတ် - ဝ၉၇၅၀၂၀၈၈၈၇ သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။                             

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ