နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်များအား စီမံခန့်ခွဲမှု ရန်ပုံငွေ ကင်းလွတ်ခွင့်ကို မေလကုန်အထိ တိုးမြှင့်

ရန်ကုန်   မေ  ၂ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲနေသည့် YBS ယာဉ်များမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံငွေကင်းလွတ်ခွင့်ကို မေလ ၃၁ ရက်ထိ တိုးမြှင့်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။

YRTA မှ YBS သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် တာဝန်ခံယာဉ်လိုင်းများကို စီမံခန့်ခွဲမှုရန်ပုံငွေ ကောက်ခံခြင်းအား မတ်လ၂၇ ရက် မှ ဧပြီ ၃၀ ရက်အထိ ယာယီကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ YBS ယာဉ်လိုင်းများကို ကူညီထောက်ပံ့သည့်အနေဖြင့် YRTA သို့ ပေးသွင်းရသည့် စီမံခန့်ခွဲမှု ရန်ပုံ ငွေ ၄၀ဝ၀ကျပ် ပေးသွင်းမှု ယာယီကင်းလွတ်ခွင့်ကို မေလ ၃၁ ရက်ထိ ထပ်တိုးကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့်လည်း မော်တော်ယာဉ်တစ်စီး ထွက်ခွာမည်ဆိုပါက နေ့စဉ် ဆောင်ရွက်ရသည့် ခရီးစဉ်မှတ်တမ်း ရေးသွင်းခြင်း၊ Way Bill များထုတ်ပေးခြင်း၊ Time Sheet များဖြင့် ပြေးဆွဲခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကို ယခင်ဆောင်ရွက် နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က တစ်နေ့လျှင် YBS ယာဉ်အစီးရေ  ၄၅၀ဝ ခန့် ပြေးဆွဲလျက်ရှိသော်လည်း  COVID-19 ကြောင့် နေ့စဉ် ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရ လည်းကောင်း စီမံပြေးဆွဲနေရခြင်းဖြစ်ပြီး ဧပြီ ၃၀ ရက်တွင် YBS ယာဉ်လိုင်း ၁၀၁ လိုင်းမှ မော်တော်ယာဉ်စီးရေ ၁,၇၃၇ စီးဖြင့် ခရီးသည် ၂၂၆,၈၆၄ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ YRTA အနေဖြင့် COVID-19 ကပ်ရောဂါကို တားဆီးကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နေပြီး YBS ယာဉ်လိုင်းကုမ္ပဏီများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။     

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ