နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားသွေးဌာနသို့ ဧပြီလတစ်လအတွင်း သွေးလှူရှင် ၃၉၁၀ ဦး လာရောက်လှူဒါန်း ယခင်နှစ်ထက် လှူဒါန်းမှုလျော့ကျ

ရန်ကုန် မေ ၁

အမျိုးသားသွေးဌာန(ရန်ကုန်)သို့ ဧပြီလတစ်လအတွင်း သွေးလှူရှင် ၃၉၁၀ ဦး လာရောက်လှူဒါန်းခဲ့ပြီး ယခင်နှစ်ထက် လှူဒါန်းမှုလျော့ကျခဲ့သော်လည်း အလှူရှင်များ၏ ထောက်ပံ့ပေးမှုကြောင့် သွေးလိုအပ်နေသော လူနာများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

ယခင်နှစ် ၂၀၁၉ ခုနှစ် ဧပြီလတွင် သွေးလှူရှင် ၇၂၅၃ ဦးရှိခဲ့ပြီး ယခုနှစ် သွေးလှူရှင်ဦးရေနှင့် နှိုင်းယှဉ်ပါက အလှူရှင် သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း အရေးပေါ်သွေးလိုအပ်သည့်လူနာများ၊ မွေးရာပါသွေးအားနည်းရောဂါကြောင့် တစ်ပါးသူ၏သွေးနှင့် အသက်ဆက်နေရသည့်လူနာများ၊ အခြားသွေး ရောဂါခံစားနေရသည့်လူနာများနှင့် ကင်ဆာရောဂါအတွက် ကုသမှုခံယူနေရသည့်လူများအတွက် သွေးလို အပ်ချက် အဆင်ပြေမှုရှိကြောင်းနှင့် လက်ရှိတွင် အရေးပေါ်မဟုတ်သည့် စောင့်ဆိုင်းနိုင်သော ခွဲစိတ်ကုသမှု မျိုးကို ရပ်ဆိုင်းထားကြောင်း အမျိုးသားသွေးဌာန(ရန်ကုန်)တာ၀န်ခံ ဒေါက်တာသီတာအောင်က ပြောသည်။

"ဒီနေ့အထိတော့ စေတနာရှင်၊ အလှူရှင် ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါကျရောက်နေချိန်မှာ အခက်အခဲတွေကြားထဲက ဒီလောက်အထိ ထောက်ပံ့ပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ရေရှည်မှာလည်း ပုံမှန်ထောက်ပံ့ပေး သွားဖို့ အရေးကြီးပါတယ်၊ သွေးဆိုတာက တစ်ရက်တည်းနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်တဲ့အတွက် စဉ်ဆက်မပြတ် လှူပေးကြပါလို့ အလှူရှင်တွေကို တိုက်တွန်းချင်ပါတယ်"ဟု ၎င်းက ပြောသည်။

ယခင်က သွေးလိုအပ်ချက်အရ တစ်နေ့လျှင် သွေးလှူရှင် ၃၀၀ ဦးမှ ၅၀၀ ဦးအထိ လှူဒါန်းရန်လိုအပ် သော်လည်း လက်ရှိအချိန်တွင် အရေးပေါ်သွေးလိုအပ်ချက်များမှအပ ကျန်လိုအပ်ချက်များကို လျော့ချသုံးစွဲနေ သည့်အတွက် တစ်နေ့လျှင် သွေးလှူရှင် ၁၅၀ ဦးခန့် လှူဒါန်းပါက သွေးလိုအပ်ချက်ပမာဏ ပြည့်မီကြောင်း ၎င်းက ဆက်လက်ပြောသည်။

လှူဒါန်းလိုသည့် သွေးလှူရှင်များအနေဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ည ၇ နာရီအထိ အမျိုးသားသွေးဌာန(ရန်ကုန်)သို့ လာရောက်လှူဒါန်းနိုင်ပြီး သွားလာရေးအခက်အခဲရှိပါက အလှူရှင် ရှစ်ဦးပြည့်လျှင် အကြိုအပို့စီစဉ်ပေးကြောင်းနှင့် ခရီးေ၀းသည့် အလှူရှင်များ မိမိအစီအစဉ်ဖြင့် လာရောက် လှူဒါန်းပါက အသွားအပြန်ခရီးစရိတ်များ စီစဉ်ပေးကြောင်း သိရသည်။

"အရင်တုန်းက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ စုပေါင်းလှူဒါန်းတဲ့ ထောက်ပံ့မှုတွေဟာ လူနာတွေအတွက် များစွာအရေးပါတဲ့ ထောက်ပံ့မှုတွေ ဖြစ်ခဲ့ပါတယ်။ အခုက အခြေအနေ အကြောင်းကြောင်း ကြောင့် စုပေါင်းလှူဒါန်းဖို့ မသင့်တော်လို့ ရပ်ဆိုင်းသွားရတဲ့ လှူဒါန်းမှုများကြောင့် ကြံတွေ့ရမယ့် အကြပ်အတည်းတွေကို ထက်သန်တဲ့ အလှူရှင်တွေရဲ့ စေတနာကြောင့် ဧပြီလတစ်လကို အဆင်ပြေစွာ ကျော်လွန်နိုင်ခဲ့ပါတယ်"ဟု ဒေါက်တာသီတာအောင်က ပြောသည်။

အမျိုးသားသွေးဌာန(ရန်ကုန်)အနေဖြင့် အလှူရှင်များ လှူဒါန်းသည့် သွေးများကို လိုအပ်သည့် နေရာများ၌ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဆေးရုံပေါင်း ၁၆ ရုံသို့ ပြန်လည်ဖြန့်‌ဝေပေး လျက်ရှိကြောင်း သိရသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ