နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဖဂန်နစ္စတန်ကလေးငယ် ၇ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရနိုင်

မေ ၁၊ ကာဘူးလ်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အစားအစာဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အာဖဂန်နစ္စတန်နိုင်ငံမှ ကလေးငယ် ၇ သန်းကျော်မှာ ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရနိုင်ခြေရှိနေသည်ဟု အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။ နိုင်ငံတကာအသိုင်းအဝန်းက တုံ့ပြန်လှုပ်ရှားပေးခြင်းမရှိ၍ အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် ဆာလောင်မှု၊ ရောဂါနှင့် သေဆုံးမှုမုန်တိုင်းဒဏ် ခံစားနေရသည်ဟု Save the Children အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကလေးငယ် ၇ ဒသမ ၃ သန်းအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံ၏ လူဦးရေ သုံးပုံ၊ တစ်ပုံမှာ အစားအစာပြတ်လပ်မှု ရင်ဆိုင်နေရသည်ဟု Save the Children အဖွဲ့က ပြောသည်။

 မကြာသေးမီအချိန်အတွင်း ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံကို အငတ်ဘေးဆိုက်ဖွယ်ရှိသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းခဲ့သည်။ ကမ္ဘာကြီးမှာ ဆာလောင်မှုကပ်ဘေးဒဏ် ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေးထားသည်။
၂၀၀၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဦးဆောင်သည့် တပ်ဖွဲ့များက တာလီဘန်အဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ဘေးဒဏ်ကို ဆယ်စုနှစ်နှစ်ခုနီးပါး ခံစားခဲ့ရပြီး ကျန်းမာရေးစနစ်လည်း ယိုယွင်းပျက်စီးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မတ်လအကုန်တွင် အာဖဂန်နစ္စတန်အစိုးရက ကာဘူးလ်မြို့နှင့် အခြားပြည်နယ်များတွင် ပိတ်ဆို့မှုများ အလျင်အမြန် ဆောင်ရွက်ခဲ့ရသည်။ မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရေးမှလွဲ၍ သွားလာလှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး မြို့များကြား သွားလာခြင်းကို ပိတ်ပင်ထားသည်။       
                                                                     
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ