နိုဝင်ဘာ ၁၆၊ လီမာ
ယင်း၏အစိုးရအဖွဲ့အပေါ် ဆန္ဒပြပွဲများတွင် လူနှစ်ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာ၌ ပီရူးနိုင်ငံ ယာယီသမ္မတက ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ပီရူးလွှတ်တော်ဥက္ကဋ္ဌဟောင်း မာရီနိုမှာ ယာယီသမ္မတအဖြစ် စတင်တာဝန်ယူပြီး ရက်သတ္တပတ်မပြည့်မီ ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်။
ပြီးခဲ့သည့်တနင်္လာနေ့တွင် လာဘ်ယူသည်ဆိုသော စွပ်စွဲချက်များဖြင့် စွဲချက်တင်ခံခဲ့ရသည့် ပီရူးသမ္မတ ဗစ်ကာရာ ရာထူးမှ နုတ်ထွက်သွားပြီးနောက် မာရီနိုက အစားထိုးတာဝန်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် ဗစ်ဇ်ကာရာက လာဘ်ယူသည်ဆိုသောစွဲချက်များကို ငြင်းဆန်ခဲ့သည်။ ယင်းအပေါ် ဆန့်ကျင်ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲခဲ့ပြီးနောက် ဝါရင့်နိုင်ငံရေးသမားများက မာရီနိုကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
မကြာသေးမီက ခန့်အပ်ခံရသည့် ယင်း၏အစိုးရအဖွဲ့ ဝန်ကြီး ၁၂ ဦးမှာလည်း ရဲတပ်ဖွဲ့၏ အင်အားသုံးမှု၊ သမ္မတမာရီနို၏ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းမှုပုံစံအပေါ် ဆန္ဒပြသည့်အနေဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့အစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ လွှတ်တော်အစည်းအဝေးတွင် မာရီနို၏နေရာကို အစားထိုးခန့်အပ်မည့်ကိစ္စနှင့် ပတ်သက်၍ သဘောတူညီမှုမရခဲ့ပေ။
Ref:BBC(KNT)