နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဟီရန်မြို့တွင် အယ်လ်ကေးဒါးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရသည်ဆိုသော သတင်းများကို အီရန်နိုင်ငံ ငြင်းဆန်

နိုဝင်ဘာ ၁၅၊ တီဟီရန်

ပြီးခဲ့သည့်သြဂုတ်လက တီဟီရန်မြို့တွင် အယ်လ်ကေးဒါးလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦး အသတ်ခံခဲ့ရသည်ဆိုသောသတင်းများကို အီရန်နိုင်ငံက ငြင်းဆန်ခဲ့သည်။ အမေရိကန်နိုင်ငံ၏ တောင်းဆိုချက်အရ အယ်လ်ကေးဒါးလက်နက်ကိုင်အဖွဲ့၏ ဒုတိယခေါင်းဆောင် အာမတ်အဗ္ဗဒူလာကို အစ္စရေးစုံထောက်များက တီဟီရန်မြို့ လမ်းပေါ်တွင် ပစ်သတ်ခဲ့ကြသည်ဟု နယူးယော့ခ်တိုင်းမ်သတင်းစာက ဖော်ပြသည်။ သို့သော် ယင်းတို့နိုင်ငံ၏ပိုင်နက်အတွင်း အယ်လ်ကေးဒါးအကြမ်းဖက်သမားတစ်ဦး တစ်ယောက် မျှ နေထိုင်ခြင်းမရှိဟု အီရန်နိုင်ငံက ပြောသည်။ အာမတ်အဗ္ဗဒူလာသည် ၁၉၉၈ ခုနှစ်က အာဖရိကတိုက်ရှိ အမေရိကန်သံရုံးများတွင် လူသေဆုံးစေသည့် တိုက်ခိုက်မှုများကို အကွက်ချစီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသည်။

အယ်လ်မာဆရီဟု လူသိများသည့် အာမတ်အဗ္ဗဒူလာနှင့် သမီးဖြစ်သူတို့ကို သြဂုတ်လ ၇ ရက်တွင် ဆိုင်ကယ်စီးလာသည့် လုပ်ကြံရေးသမား ၂ ဦးက ပစ်သတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် ထောက်လှမ်းရေးအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ နယူးယော့ခ်တိုင်းမ်သတင်းစာက ဖော်ပြခဲ့ သည်။ အစောပိုင်းတွင် အီရန်နိုင်ငံက အာမတ်အဗ္ဗဒူလာ သေဆုံးမှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ပြီး သြဂုတ်လ ၇ ရက်က သေနတ်ဖြင့်ပစ်သတ်ခံရသူများမှာ လက်ဘနွန်နိုင်ငံသားသမိုင်းပါမောက္ခနှင့် ယင်း၏သမီးဖြစ်သူတို့ ဖြစ်ကြောင်း အီရန်နှင့် လက်ဘနွန်မီဒီယာများက ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အစ္စရေးနှင့် ဂျူးများကို တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံနှင့် အမေရိကန်နိုင်ငံ အကျိုးစီးပွားကို ရှေးရှုသည့် စစ်ဆင်ရေးအရ အာမတ်အဗ္ဗဒူလာကို လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးနိုင်ငံ၏ Channel 12 ရုပ်သံလိုင်းက ဖော်ပြသည်။ အာမတ်အဗ္ဗဒူလာသည် ၂၀၀၃ ခုနှစ်ကတည်းက အီရန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး အစောပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့သော်လည်း နောက်ပိုင်းတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ နယူးယော့ခ်တိုင်းမ်က ဖော်ပြခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ