နိုဝင်ဘာ ၁၅၊ တိုင်ပေ
လူသေဆုံးစေသည့် လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ် (တိုင်ပေ) လေတပ်အကြီးအကဲက F-5 တိုက်လေယာဉ်ကို စမ်းသပ်မောင်းနှင်မှုတွင် ကိုယ်တိုင်လိုက်ပါခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က မိနစ် ၄၀ ကြာမြင့်သည့် စမ်းသပ်မောင်းနှင်မှုတွင် လေတပ်ဦးစီးချုပ် ရွှန်းဟူချီက ထိုင်ခုံ ၂ ခုံပါသည့် F-5 တိုက်လေယာဉ်တွင် လိုက်ပါခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက တိုက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ပြီးနောက် တရုတ် (တိုင်ပေ) လေတပ်၏ အိုမင်းဟောင်းနွမ်းနေသည့် F-5 တိုက်လေယာဉ်အားလုံးကို ပျံသန်းခွင့်ပိတ်ပင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ F-5 တိုက်လေယာဉ်များမှာ နှစ် ၄၀ ကျော် သက်တမ်းရှိပြီဖြစ်သော်လည်း နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် အသုံးပြုနေဆဲဖြစ်သည်ဟု ရွန်းဟူချီက ဆိုသည်။ '' F-5 တိုက်လေယာဉ်တွေက ဘေးကင်းကင်းနဲ့ ပျံသန်းနိုင်သေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်'' လို့ လေတပ်ဦးစီးချုပ် ရွှန်းဟူချီက ပြောသည်။
တရုတ်နိုင်ငံက တရုတ် (တိုင်ပေ)ကို ခွဲထွက်ထားသည့်ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ပြီး လိုအပ်လာ ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းဖွယ်ရှိနေရာ တရုတ် (တိုင်ပေ) လေပိုင်နက်တွင် တင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်။ ပြီးခဲ့သည့်ဇန်နဝါရီလနောက်ပိုင်း တရုတ်လေယာဉ်များကို စောင့်ကြည့်ရန် သို့မဟုတ် ကြားဖြတ်တားဆီးရန် ယင်းတို့၏လေတပ်လေယာဉ်များကို အကြိမ် ၃၀၀၀ နီးပါး ပျံသန်းစေခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းတွင် တရုတ် (တိုင်ပေ) ကာကွယ်ရေးဝန်ကြီးက ပြောသည်။
Ref:BBC(KNT)