နိုဝင်ဘာ ၁၄၊ ဝါရှင်တန်
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီဟု သတ်မှတ်ခံထားရသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်မှာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ဂျော်ဂျီယာပြည်နယ်တွင် အနိုင်ရသည့် ပထမဆုံး ဒီမိုကရက်တစ် ကိုယ်စားလှယ် ဖြစ်လာခဲ့ကြောင်း ဘီဘီစီသတင်းဌာန၏ ရွေးကောက်ပွဲရလဒ်မှတ်တမ်းတွင် ဖော်ပြထားသည်။
ဂျော်ဂျီယာပြည်နယ်တွင် အနိုင်ရခဲ့ခြင်းကြောင့် ဂျိုးဘိုင်ဒင်၏အောင်ပွဲမှာ ပိုမိုခိုင်မာလာခဲ့ပြီး ကိုယ်စားလှယ်မဲ ၃၀၆ မဲအထိ ရရှိခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာ မြောက်ပိုင်းကာရိုလိုင်းနား ပြည်နယ်တွင် အနိုင်ရမည်ဟု သတ်မှတ်ခံထားရပြီး ကိုယ်စားလှယ်မဲ ၂၃၂ မဲ ရရှိမည်ဖြစ်သည်။
လက်ရှိအချိန်အထိ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီဟု လက်ခံခဲ့ခြင်းမရှိသည့် ဒေါ်နယ်ထရမ့်က လာမည့်ဇန်နဝါရီလတွင် အမေရိကန်အစိုးရအဖွဲ့သစ် တက်လာဖွယ်ရှိသည်ဟု ပထမဆုံးအကြိမ် ဝန်ခံခဲ့သည်။ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိရာ အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်တွင် ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ဒေါ်နယ်ထရမ့်က '' လက်ရှိအစိုးရအဖွဲ့ကတော့ ပိတ်ဆို့မှုလုပ်မှာမဟုတ်ပါဘူး။ အနာဂတ်မှာ ဘာတွေပဲ ဖြစ်ဖြစ်၊ ဘယ်အစိုးရတက်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ။ ကျွန်တော့်အထင်တော့ အချိန်ကပဲ စကားပြောမှာပါ''ဟု ဆိုသည်။
သို့သော် ဒေါ်နယ်ထရမ့်က သတင်းထောက်များ၏မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိပေ။ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားလှယ် ဒေါ်နယ်ထရမ့်အနေဖြင့် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ခြင်းကို လက်ခံပြီး နောက်ထပ်အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးရာတွင် ကူညီပေးရန် ဖိအားပိုများလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် (လက်ရှိအချိန်အထိ) ဂျိုးဘိုင်ဒင် ရရှိခဲ့သည့် ကိုယ်စားလှယ်မဲမှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ကို အနိုင်ရချိန်က ဒေါ်နယ်ထရမ့်ရရှိခဲ့သည့် ကိုယ်စားလှယ်မဲ အရေအတွက်နှင့် တူညီသွားပြီဖြစ်သည်။
Ref:BBC(KNT)