နိုဝင်ဘာ ၁၂၊ ဘရာစီလီယာ
တရုတ်ဆေးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံမှု ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ (Anvisa)က ကြေညာ ခဲ့သည်။ မလိုလားအပ်သည့် တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လွန်ခဲ့သည့် ၂ ရက်တွင် Anvisa က ဘရာဇီး နိုင်ငံတွင် CoronaVac ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုများကို ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့သည်။
သို့သော် စေတနာ့ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်မှာ CoronaVac ကာကွယ်ဆေးနှင့် မသက်ဆိုင် ကြောင်း အတည်ပြုနိုင်သည့်အတွက် စမ်းသပ်ထိုးနှံမှု ပြန်လုပ်ခွင့်ပေးခဲ့သည်။ ရဲတပ်ဖွဲ့က အဆိုပါလူသေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။
'' ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံမှုပြန်လုပ်ခွင့်ပေးဖို့ လုံလောက်တဲ့ သတင်းအချက်အလက် ရရှိပါပြီ။ စမ်းသပ်ထိုးနှံမှုဆိုင်းငံ့လိုက်တယ်ဆိုတာ စမ်းသပ်နေဆဲဖြစ်တဲ့ ဒီဆေးဝါးက အရည်အသွေးမကောင်းဘူး၊ ဘေးမကင်းဘူး၊ အာနိသင် မထိရောက်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး လုံးဝမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ အရေးကြီးပါတယ်'' ဟု Anvisa က ကြေညာခဲ့သည်။
တရုတ်ကုမ္ပဏီက ထုတ်လုပ်သည့် ဆေးဝါးဖြစ်နေ၍ CoronaVac ကာကွယ်ဆေးကို ဝေဖန်ခဲ့ပြီး အဆိုပါ ဆေးကို ဘရာဇီးနိုင်ငံက ဝယ်ယူသုံးစွဲမည်မဟုတ်ဟုဆိုခဲ့သည့် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက စမ်းသပ် ထိုးနှံမှု ရပ်ဆိုင်းလိုက်ချိန်တွင် အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် စမ်းသပ်ထိုးနှံခွင့် ပြန်လည်ခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ ဘော်ဆိုနာရိုက မှတ်ချက်ပေးခြင်းမရှိသေးပေ။
CoronaVac ကာကွယ်ဆေးမှာ စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေသည့် COVID-19 ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၅ ဒသမ ၆ သန်းကျော် ရှိနေပြီး လူ ၁၆၃၀၀၀ နီးပါး သေဆုံးခဲ့သည်။
Ref:BBC(KNT)