နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံအစိုးရက ထောက်ပံ့ကူညီပေးခဲ့သည် RBE ရထားတွဲများ လာမည့်ဇွန်လအတွင်း မြန်မာနိုင်ငံသို့ရောက်ရှိလာမည်

ရန်ကုန်   မေ    ၁

လက်ရှိတွင် မြန်မာ့မီးရထားအနေနှင့် မြန်မာ့မီးရထားကဏ္ဍတစ်ခုလုံးအား အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ အဆိုပါမြန်မာ့မီးရထား အဆင့်မြှင့်တင်မှု လုပ်ငန်းစီမံကိန်းတွင် လက်ရှိအသုံးပြုနေသော သက်တန်းလွန် ရထားစက်ခေါင်းများနှင့် လူစီးတွဲများကို အစားထိုးလဲလှယ်ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်း များလည်း ပါဝင်သည်။ ထို့ကြောင့် မြန်မာ့မီးရထားအနေနှင့် ရထားစက်ခေါင်းတွဲများနှင့်လူစီးတွဲများကို ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့်အိန္ဒိယနိုင်ငံများမှ ဝယ်ယူဆောင်ရွက်ခဲ့သည်။

အဆိုပါဝယ်ယူခဲ့သည့် ရထားစက်ခေါင်းများနှင့် ရထားတွဲများအနက် ဂျပန်နိုင်ငံမှ ဝယ်ယူမည့်ရထား စက်ခေါင်းနှင့် လူစီးတွဲများဝယ်ယူမှုလုပ်ငန်းစဉ်များမှာ ဂျပန်နိုင်ငံတွင် အိုလံပစ်ပွဲတော်ရှိနေသဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသေး၊ ဂျပန်နိုင်ငံ၏ တင်ဒါလုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအရ ၂၀၂၃ ခုနှစ်မှသာ ဝယ်ယူဆောင်ရွက် နိုင်မည်ဖြစ်သည်။ အဆိုပါအခြေအနေများအရ ဂျပန်နိုင်ငံအစိုးရအနေနှင့် မြန်မာနိုင်ငံသို့ RBE ရထားတွဲ ၃၂ တွဲထောက်ပံ့ကူညီပေးခဲ့သည်။ အဆိုပါရထားတွဲများအနက် ရထားတွဲငါးတွဲမှာ မြန်မာနိုင်ငံ သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျန်ရှိနေသည့် ရထားတွဲ ၂၇ တွဲမှာလည်း လာမည့်ဇွန်လအတွင်း ထပ်မံရောက်ရှိ လာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့မီးရထားအဆင့်မြှင့်ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ ကိုရီးယားနှင့် တရုတ်နိုင်ငံများမှ ဝယ်ယူထားသည့်ရထားစက်ခေါင်းတွဲများနှင့် လူစီးတွဲများ ယခုနှစ်အတွင်းရောက်ရှိလာ မည်ဖြစ်သည်။

မြန်မာ့မီးရထားအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်အသုံးပြုရန်အတွက် ကိုရီးယားနိုင်ငံမှ လူစီးတွဲ ၁၀ဝ ဝယ်ယူခဲ့ရာ ပထမအကြိမ်အဖြစ် အထက်တန်းတွဲ ၁၀ တွဲ၊ ရိုးရိုးတန်းတွဲ ၁၀ တွဲနှင့်  ဒုတိယအကြိမ်အဖြစ် အထက်တန်းတွဲ ၁၀ တွဲ မြန်မာနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီး ကျန်တွဲဆိုင်းများမှာ ယခု ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံရောက်ရှိလာမည်ဖြစ်သည်။

ထို့အတူ တရုတ်နိုင်ငံမှဝယ်ယူခဲ့သည့် လူစီးရထားတွဲ ၂၈ စီးမှာလည်း ယခု ၂၀၂၀ ပြည့်နှစ်အတွင်းရောက်  ရှိလာမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံမှဝယ်ယူခဲ့သည့် စက်ခေါင်း ၁၈ ခေါင်းမှာလည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိ မြန်မာ့မီးရထားတွင် ခုတ်မောင်းပြေးဆွဲပေးနေသည့် စက်ခေါင်းများနှင့်  တွဲဆိုင်းများ၏ ၆၀ ရာခိုင်နှုန်းမှာ သက်တမ်းလွန်နေပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါသက်တမ်းလွန်စက်ခေါင်း များနှင့် တွဲဆိုင်းများနေရာတွင် အဆိုပါဝယ်ယူခဲ့သည့် စက်ခေါင်းများနှင့်တွဲဆိုင်းများအား အစားထိုးပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။    
                       
ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ