နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်သွင်းခွင့်ကာလကို မေ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်

ရန်ကုန်   မေ    ၁

မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်သွင်းခွင့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT)မှ တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT)သည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် ပြည်ပနိုင်ငံများမှ အိန္ဒိယနိုင်ငံအတွင်းသို့ မတ်ပဲတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို မူလက  တန်ချိန် ၁ ဒသမ ၅ သိန်း ခွင့်ပြုထားရာမှ နောက်ထပ်မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်း ထပ်မံတိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် အဆိုပါမတ်ပဲများအား နောက်ဆုံးထားတင်သွင်းရမည့်ရက်ကိုလည်း ယခု ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၁ ရက်အစား ဧပြီ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်ကာ တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့ရာတွင် ယခုအခါ ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု များကြောင့် ထပ်တိုးမတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းကို သတ်မှတ်ကာလအတွင်း အချိန်မီတင်သွင်းနိုင်ရန် အခက်အခဲများ ရှိလာသဖြင့် တင်သွင်းခွင့်ကာလကို တိုးမြှင့်ပေးရန် ကုန်သည်များ၊ လုပ်ငန်းရှင်များမှ တောင်းဆိုမှုများရှိ လာကြောင်း သိရသည်။

ထို့အတွက်ကြောင့် ထပ်တိုးမတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းကို အိန္ဒိယနိုင်ငံသို့ တင်သွင်းရာတွင် အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ နောက်ဆုံးထားရောက်ရှိရမည့်ရက်ကို ယခု မေ ၁၅ ရက်သို့ ထပ်မံတိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်းနှင့် နောက်ထပ်အချိန်ကာလတိုးပေးရန် တောင်းဆိုမှုများကို လက်ခံဆောင်ရွက် ပေးမည်မဟုတ်ကြောင်း သိရသည်။   

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ