နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ကျရောက်လာချိန်တွင် ခိုလှုံနားနေနိုင်ရေးအတွက် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦနှစ်ရာ့သုံးဆယ်ကျော် ဆောက်လုပ်ပြီးစီး

ရန်ကုန်   မေ    ၁

မြန်မာနိုင်ငံအနေနှင့် နှစ်စဉ်နှစ်တိုင်းသဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့် သဘာဝဘေးအန္တရာယ်ခံစားနေရသည့်  ပြည်သူများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ထို့အပြင် အဆိုပါသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာချိန်တွင် ဒေသခံပြည်သူများအနေနှင့် ခိုလှုံမှုရရှိစေရေးအတွက်ကိုလည်း ကြိုတင် စီမံဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါကြိုတင်စီမံဆောင်ရွက်ပေးမှုများအရ သဘာဝဘေးအန္တရာယ် ကျရောက်လေ့ရှိနေသည့် နေရာဒေသများတွင် ဆိုင်ကလုံးရှယ်လ်တာခေါ် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦများကို ဆောက်လုပ် ပေးခဲ့သည်။  ထိုသို့ဆောက်လုပ်ပေးရာတွင် ၂၀၁၅ ခုနှစ်အထိ သဘာဝဘေးဒဏ် အဆောက်အဦ ၉၅ လုံး ဆောက်လုပ်ပေးခဲ့ပြီး၊ ၂၀၁၆ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ်အထိ ဘက်စုံသုံးသဘာဝဘေးဒဏ်ခံအဆောက်အဦ ၁၃၈ လုံးဆောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ဆိုင်ကလုံးရှယ်လ်တာအဆောက်အဦ ၂၃၃ လုံးအထိ ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒေသခံပြည်သူများအနေနှင့် သဘာဝဘေးအန္တရာယ်များမရှိသည့်အချိန်အခါတွင် အဆိုပါ အဆောက်အဦများကို စာသင်ခန်းများနှင့်ကျေးရွာဒေသများအတွက် အကျိုးဖြစ်ထွန်းစေမည့် အခမ်းအနား များ ကျင်းပပြုလုပ်လျက်ရှိသည်။

လက်ရှိကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် စောင့်ကြည့်နေရာ ဌာနများအဖြစ် အသုံးပြုဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း ချင်းပြည်နယ်၊ မတူပီမြို့တွင် သဘာဝဘေးအန္တရာယ်ခံအဆောက်အဦတစ်ခု ဆောက်လုပ်ပေးလျက်ရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့် အဆိုပါမုန်တိုင်းဒဏ်ခံ ဆိုင်ကလုံးရှယ်လ်တာများအပြင် နွေရာသီကာလများတွင် သက်ကြီးဘိုးဘွားများနှင့်အများပြည်သူမှ နွေရာသီ အပူဒဏ်အန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် အပူရှောင်စခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်ပေးနေမှုများအရ ၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတွင်  အပူရှောင်စခန်း ၄၄ ခုအထိ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                               

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ