နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပအဝယ်ရှိနေသာ်လည်း ပြည်တွင်းပဲဈေးနှုန်းများ ကျဆင်း

ရန်ကုန်၊  နိုဝင်ဘာ  ၉


မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံများကို အဓိကတင်ပို့နေရသော အိန္ဒိယဈေးကွက်သို့ ပဲတင်ပို့ခွင့်ရနေသော်လည်း ရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ဆက်လက်ကျဆင်းနေသည်ဟု ပဲဈေးကွက် နေ့စဉ် ဈေးနှုန်းဖော်ပြချက်များအရ သိရသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၁၉-၂၀၂၀ တွင် ပဲမျိုးစုံ တန်ချိန် ၂၁ သိန်းဝန်းကျင် ထွက်ရှိမည်ဟု ခန့်မှန်းထားခဲ့ သော်လည်း နှစ်လယ်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု များရှိလာရာ ပဲမျိုးစုံအထွက်တန်ချိန် ၁၃ သိန်းဝန်းကျင်သာ ထွက်ရှိနိုင်မည်ဟု ယင်းနိုင်ငံ၏ ပဲဈေးကွက် သတင်းများတွင် ဖော်ပြလာသည်။ ၂၀၂၀ အောက်တိုဘာ ၉ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁၂၀၀၀၀၀ အထိ လည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် ပဲစင်းငုံနီ RC တစ်တန် ၁၀၀၆၀၀၀ ကျပ်အထိလည်းကောင်း မြင့်တက်ခဲ့သည်။ သို့သော် ပဲဈေးနှုန်းများ ပြန်လည်ကျဆင်းလာရာ ၂၀၂၀ နိုဝင်ဘာ ၇ ရက်တွင် မတ်ပဲ RC တစ်တန် ၁၀၇၂၅၀၀ ကျပ်၊ ပဲစင်းငုံနီ RC တစ်တန် ၉၁၅၀၀၀ ကျပ်နှုန်းသို့ ဈေးကျဆင်းလာသည်။

အထက်ဖော်ပြပါ ရန်ကုန်ပဲဈေးနှုန်းများအနက် ၂၀၁၇ ဩဂုတ်လလယ် ရန်ကုန်ပဲဈေးကွက်ပျက်ပြားခဲ့သည့် ကာလမှစ၍ သုံးနှစ်ကျော်ကာလအတွင်း ပဲစင်းငုံဈေးနှုန်းသည် အမြင့်ဆုံးဖြစ်လာသည်။ ၂၀၁၇ အောက်တိုဘာ လလယ်တွင် ပဲစင်းငုံနီ RC တစ်တန် ၃၀၆၀၀၀ ကျပ်အထိ ကျဆင်းခဲ့ရာ ယခုနှစ် အောက်တိုဘာ ၂၂ ရက် ပဲစင်းငုံ RC ဈေးသည် သုံးနှစ်ကျော်ကာလအတွင်း သုံးဆဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာသည်။ အလားတူ မတ်ပဲ RC ဈေးနှုန်းသည် ၂၀၁၈ မေ ၄ ရက်တွင် တစ်တန် ၃၈၂၀၀၀ ကျပ်နှုန်းရှိရာမှ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်တွင် ၁၃၃၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ၂၀၂၀ အောက်တိုဘာ ၉ ရက်တွင် ကျပ် ၁၂ သိန်း ရှိလာသည်ဟု ဈေးနှုန်းဟောင်းများနှင့် နှိုင်းယှဉ်ရာမှ သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့့် ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းပဲစိုက်ပျိုးထွက်ရှိမှုလျော့ကျသဖြင့် ပြည်ပမှ ပဲတင်သွင်းမှုများပြားခဲ့သည်။ သို့ဖြစ်ရာ ရန်ကုန်ဈေးကွက်အတွင်း မတ်ပဲတစ်တန် ၂၀၁၅ စက်တင်ဘာ လလယ်တွင် ကျပ် ၁၄ သိန်းဝန်းကျင်ရှိရာမှ တစ်လဝန်းကျင်အကြာ အောက်တိုဘာ ၁၇ ရက်တွင် ၂၄၅၆၀၀၀ ကျပ်နှုန်းအထိ မြင့်တက်ခဲ့သည်။

ယင်းနှစ်အလွန် ယင်းနိုင်ငံအတွင်း ပဲထွက်ပိုမိုလာသဖြင့် ၂၀၁၇ ဩဂုတ်လလယ်နောက်ပိုင်းတွင် ပြည်ပမှအိန္ဒိယနိုင်ငံတွင်းသို့ ပဲတင်သွင်းမှုများကို ၂၀၁၈ မတ်လကုန်အထိ ယင်းနိုင်ငံမှ ပိတ်ပင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်မူ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းငါးသောင်းစီနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်း တင်သွင်းခွင့်ပြုခဲ့သည်။

၂၀၁၉-၂၀၂၀ တွင်မူ အလားတူ တင်သွင်းခွင့်ပြုရာမှ မတ်ပဲတန်ချိန်လေးသိန်းအထိ တင်သွင်းခွင့်ပြုလာသည်။ ၂၀၂၁ မတ်လကုန်အထိ တင်သွင်းခွင့်ပြုသည်ဟုဆိုသော်လည်း ဩဂုတ်လကုန်အထိသာ တင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယမှ မေလအတွင်း ပြောင်းလဲအသိပေးခဲ့သည်။ သို့သော် ၂၀၂၁ မတ်လကုန်အထိ တင်သွင်းခွင့်ပြုမည်ဟု ထပ်မံပြောင်းလဲအသိပေးမှု ရှိလာသည်။ သို့သော် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် တစ်သိန်းဝန်းကျင်သာ တင်ပို့နိုင် သည်ဟု သိရသည်။

၂၀၂၀ မိုးစပါးကြမ်းရိတ်သိမ်းအပြီး မြစ်ဝကျွန်းပေါ်ဒေသများတွင် သီးထပ်အဖြစ် မတ်ပဲစိုက်ပျိုးကြရာ ယခုနှစ်တွင် မုန်တိုင်းမိုးရှိသဖြင့် မတ်ပဲစိုက်ပျိုးရာတွင် အချိန်နောက်ကျမှုများရှိလာရာ ၂၀၂၁ မတ်လကုန်အမီအိန္ဒိယသို့တင်ပို့ရန် အခက်အခဲများရှိလာနိုင်သည်ဟု ပဲလုပ်ငန်းလုပ်ကိုင်သူအချို့က သုံးသပ်ပြောကြားသည်။ အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံတန်ချိန်လေးသိန်းကို ၂၀၂၀ နိုဝင်ဘာ ၁၅ ရက်အထိ တင်သွင်းခွင့်ပြုထားရာမှ ဒီဇင်ဘာ ၁၅ ရက်အထိ ပြောင်းလဲတင်ပို့ခွင့်ပြုလာသည်။

သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအတွင်း ပဲစင်းငုံဈေးနှုန်းသည် အလေးချိန် တစ်ကီလိုလျှင် ရူပီးငွေ ၁၂၀ မှ ၁၀၀ သို့ ဈေးကျလာသည်ဟု ယင်းနိုင်ငံပဲဈေးကွက်သတင်းများအရ သိရသည်။ ပြည်ပသို့ပဲတင်ပို့မှုရှိသော်လည်း ဈေးနှုန်းများကျဆင်းနေမှုအပေါ် အမြင်အမျိုးမျိုးဖြင့် ပဲလောကတွင် ဝေဖန်ပြောဆိုမှုများရှိနေသည်ဟု သိရ သည်။

(မိုးပွင့်သူ)






အခြားဆက်စပ်သတင်းများ