နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ပွဲဖြစ်ပွားနေသည့် အီသီယိုးပီးယားတွင် စစ်တပ်အကြီးအကဲ၊ ထောက်လှမ်းရေးအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးနေရာများ အပြောင်းအလဲဖြစ်

နိုဝင်ဘာ ၉၊ အက်ဒစ်အဘာဘာ


အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တိုင်ဂရေးဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စစ်တပ်အကြီးအကဲ၊ ထောက်လှမ်းရေးအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ယင်းတို့၏နေရာတွင် အစားထိုးမည့်သူများကို ဝန်ကြီးချုပ် အဘေးအာမတ်၏ရုံးက ကြေညာခဲ့သော်လည်း ရာထူးနေရာ အပြောင်းအလဲလုပ်ရသည့် အကြောင်းရင်းကို ဖော်ပြခဲ့ခြင်းမရှိပေ။


အီသီယိုးပီးယားနိုင်ငံတွင် ဗဟိုအစိုးရနှင့် တိုင်ဂရေးဒေသ အုပ်ချုပ်ရေးအဖွဲ့ကြား ကာလရှည် တင်းမာမှုများ ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ တိုက်ပွဲများကြောင့် ပြည်တွင်းစစ်ဖြစ်လာပြီး အိမ်နီးချင်းနိုင်ငံများတွင်ပါ မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။


လက်ရှိအချိန်တွင် တိုင်ဂရေးဒေသ၏ နေရာ ၈ နေရာတွင် ပြည်ထောင်စုတပ်ဖွဲ့များနှင့် တိုင်ဂရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည်ဟု ကုလသမဂ္ဂက ပြောသည်။ တိုက်ပွဲများကြောင့် လူကိုးသန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသည့် အန္တရာယ်ရှိနေသည်။  တိုင်ဂရေးဒေသကို ပိတ်ဆို့ထားခြင်းကြောင့် အထောက်အပံ့ပစ္စည်းများ ပေးပို့နိုင်ခြင်းမရှိဘဲ အဆက်အသွယ်များလည်း ဖြတ်တောက်ထားသည်။


အရေးပေါ်လွှတ်တော်အစည်းအဝေးတွင် တိုင်ဂရေးအစိုးရကို ဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ရာထူးနေရာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်၏နေရာတွင် ဒုတိယဦးစီးချုပ်၊ ထောက်လှမ်းရေးအကြီးအကဲ နေရာတွင် အမ်ဟာရာပြည်နယ်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဒုတိယဝန်ကြီးချုပ်က လွှဲပြောင်းရယူရန် ကြေညာခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ