နိုဝင်ဘာ ၈၊ ဝါရှင်တန်
ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်မှာ ယင်း၏မွေးရပ်မြေဖြစ်သည့် ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် ဒေါ်နယ်ထရမ့်ကို အနိုင်ရခဲ့ပြီးနောက် ကိုယ်စားလှယ်မဲ ၂၇၃ မဲ ရရှိခဲ့ပြီး အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့သည်။ လက်ရှိအချိန်အထိ နီဗားဒါး၊ အရီဇိုးနား၊ မြောက်ပိုင်း ကာရိုလိုင်းနား၊ အလက်စကာပြည်နယ်များတွင် မဲများဆက်လက်ရေတွက်နေဆဲဖြစ်ရာ ဂျိုးဘိုင်ဒင်အနေဖြင့် ကိုယ်စားလှယ်မဲ ၃၀၀ ကျော် ရရှိမည့်အလားအလာ ရှိနေသည်။
''ကျွန်တော်တို့ရဲ့ မဟာနိုင်ငံတော်ကြီးကို ဦးဆောင်ဖို့ ကျွန်တော့်ကို ရွေးချယ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေက ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော့်ကို မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အမေရိကန်နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတဖြစ်ရစေမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ်ထားတဲ့ ယုံကြည်မှုကို ဆက်ထိန်းသိမ်းသွားမှာပါ'' ဟု ဂျိုးဘိုင်ဒင်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
သမ္မတရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်တွင် '' မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးသွားပါပြီ။ ဒေါသတွေ၊ တင်းမာတဲ့ နိုင်ငံရေးဟောပြောမှုတွေကို ချန်ရစ်ထားပြီး နိုင်ငံတစ်နိုင်ငံအဖြစ် စည်းလုံးရမယ့် အချိန်ရောက်ပါပြီ''ဟု ဖော်ပြထားသည်။
Ref:BBC(KNT)