နိုဝင်ဘာ ၇ ၊ ဒါကာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လိင်စိတ်ပြောင်းနေသူများအတွက် ပထမဆုံး ဘာသာရေးကျောင်းကို မြို့တော်ဒါကာမြို့၌ ဖွင့်လှစ်ခဲ့သည်။ ပုဂ္ဂလိကရန်ပုံငွေဖြင့် တည်ထောင်ထားသည့် ဘာသာရေးကျောင်းတွင် ကျောင်းသား ၁၅၀ ကျော်အနေဖြင့် အစ္စလာမ်ဘာသာရပ်နှင့် အခြားဘာသာရပ်များကို အခမဲ့ သင်ယူခွင့်ရရှိမည်ဖြစ်သည်။ လိင်စိတ်ပြောင်းလဲနေသူများ အသိုင်းအဝိုင်းတွင် ပါဝင်သူအများအပြားက တတိယလိင်အဖြစ် ခံယူခဲ့ကြပြီး ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တတိယလိင်ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။
လိင်စိတ်ပြောင်းလဲနေသူများမှာ မဲပေးခွင့်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသော်လည်း ကွန်ဆာဗေးတစ်ဆန်သည့် လူမှုပတ်ဝန်းကျင်၏ သဘောထားကြောင့် အလုပ်ရရန်နှင့် ပညာ သင်ကြားရန် အခက်အခဲ ကြုံတွေ့ရမြဲဖြစ်သည်။ ထို့ကြောင့် လိင်စိတ်ပြောင်းလဲနေသူများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ပြီး မင်္ဂလာဆောင်နှင့် မီးဖွားခြင်း အခမ်းအနားများတွင် သီချင်းဆိုခြင်း၊ ကပြဖျော်ဖြေခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ ပြည့်တန်ဆာလုပ်ငန်းများဖြင့် ငွေရှာခြင်းများ ပြုလုပ်ကာ ရှင်သန်ရပ်တည်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လိင်စိတ်ပြောင်းနေသူ ၁၀၀၀၀ နီးပါး ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောသည်။ သို့သော် အမှန်တကယ်ရှိသည့် ပမာဏမှာ ၅၀၀၀၀ ကျော်သည်ဟု အချို့သူများက ခန့်မှန်းတွက်ချက်ကြသည်။ ဒါကာမြို့ရှိ Dawatul Koran Third Sex Madrassa ဘာသာရေးကျောင်းတွင် နိုဝင်ဘာလ ၇ ရက်က သင်ကြားမှုများ စတင်ပြုလုပ်ခဲ့ပြီး အသက်ကန့်သတ်ချက်မရှိဟု ဆိုသည်။ Ref:BBC(KNT)