နိုဝင်ဘာ ၇ ၊ ဝါရှင်တန်
အိမ်ဖြူတော်ဝန်ထမ်းဦးစီးချုပ် မက်ခ်မဲဒိုးမှာ COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်း အရာရှိ များက ပြောသည်။ အခမ်းအနားများတွင် နှာခေါင်းစည်းမပါဘဲ မကြာခဏ တက်ရောက်လေ့ရှိသည့် မက်ခ်မဲဒိုးအနေဖြင့် မည်ကဲ့သို့ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။ မက်ခ်မဲဒိုးမှာ သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရအဖွဲ့တွင် ယခုနောက်ဆုံး COVID-19 ရောဂါ ကူးစက်ခံရသူဖြစ်သည်။ ပြီးခဲ့သည့် ၃ ရက်ဆက်တိုက် အမေရိကန်နိုင်ငံတွင် တစ်ရက်တာ လူနာသစ်တွေ့ရှိမှု စံချိန်သစ်များတင်ခဲ့ပြီး ပြီးခဲ့သည့်သောကြာနေ့က လူနာသစ် ၁၂၇၀၀၀ ကျော် တွေ့ရှိခဲ့သည်။
အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိနေပြီး လူ ၂၃၀၀၀၀ ကျော် သေဆုံးခဲ့သည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးမှာ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ မူဝါဒရေးရာ အဓိကပြိုင်ဆိုင်မှုတစ်ရပ် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလနှောင်းပိုင်းက CNN သတင်းဌာနနှင့် အင်တာဗျူးအစီအစဉ်တွင် အမေရိကန်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း၊ ကာကွယ်ဆေး၊ ကုသဆေးများဖြင့်သာ COVID-19 ရောဂါကို အမြစ်ပြတ် ချေမှုန်းနိုင်မည်ဖြစ်ကြောင်း မက်ခ်မဲဒိုးက ပြောခဲ့ဖူးသည်။ မက်ခ်မဲဒိုးအနေဖြင့် မည်သည့်အချိန်က ရောဂါစစ်ဆေးမှု ခံယူခဲ့သည်ဆိုခြင်းနှင့် ရောဂါလက္ခဏာ ပြ၊ မပြဆိုသည့် အချက်ကို တိတိကျကျ မသိရသေးပေ။
Ref:BBC(KNT)