နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယင်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်မှာ မလျှော့စတမ်း ရင်ဆိုင်တိုက်ခိုက်ရေး မဟုတ်ဟု ဂျိုးဘိုင်ဒင် ဆို

နိုဝင်ဘာ  ၇၊ ဝါရှင်တန်


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရန် နီးစပ်နေသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ယင်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်မှာ မလျှော့စတမ်း ရင်ဆိုင်တိုက်ခိုက်ရေးမဟုတ်ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။ ဒေါ်နယ်ထရမ့်က မဲရလဒ်များကို စောဒကတက်ခဲ့ပြီး တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းမည်ဟု ပြောခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ရေးသားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့က ပြိုင်ဘက်တွေဆိုပေမဲ့ ရန်သူတွေ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံသားတွေချည်းပါပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်က အလျှော့မပေးစတမ်း ရင်ဆိုင်တိုက်ခိုက်ရေး မဟုတ်ဘူးဆိုတာ မှတ်သားထားဖို့ လိုပါတယ်''ဟု ဂျိုးဘိုင်ဒင်က ရေးသားခဲ့သည်။

သမ္မတရွေးကောက်ပွဲတွင် နောက်ဆုံးထွက်ပေါ်လာသည့် မဲစာရင်းကိန်းဂဏန်းအချက်အလက်များအရ ဂျိုးဘိုင်ဒင်က ပင်ဆယ်ဗေးနီးယားတွင် ၂၈၈၃၃ မဲ၊ ဂျော်ဂျီယာတွင် ၄၃၉၅ မဲ၊ နီဗားဒါးတွင် ၂၂၆၅၇ မဲ၊ အရီဇိုးနားတွင် ၂၉၈၆၁ မဲအထိ ဒေါ်နယ်ထရမ့်ထက် အသာရနေသည်။ သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်မဲ ၂၇၀ ရပါက အနိုင်ရမည်ဖြစ်ရာ အထက်ပါပြည်နယ် ၄ ခုတွင် အနိုင်ရပါက ဂျိုးဘိုင်ဒင်အနေဖြင့် ကိုယ်စားလှယ်မဲ ၃၀၄ မဲအထိ ရရှိမည်ဖြစ်သည်။

'' အနိုင်ရပြီလို့ အပြီးသတ်မကြေညာနိုင်သေးပါဘူး။ ဒါပေမဲ့ ကိန်းဂဏန်းတွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ရတော့မှာပါ။ကျွန်တော်တို့ ကိုယ်စားလှယ်မဲ ၃၀၀ ကျော်ရမယ့် အနေအထား ရှိနေပါတယ်။ နိုင်ငံတစ်ဝန်း မဲရလဒ်တွေကို ကြည့်လိုက်ရင်လည်း ဒီပြိုင်ပွဲမှာ တစ်နိုင်ငံလုံးရဲ့ ထောက်ခံမှုနဲ့ ကျွန်တော်တို့ ပြတ်ပြတ်သားသား အနိုင်ရတော့မှာပါ''ဟု ဂျိုးဘိုင်ဒင်က ဒယ်လာဝဲလ်ပြည်နယ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။                                                                                                         Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ