နိုဝင်ဘာ ၆၊ ဟောင်ကောင်
ဟောင်ကောင်မြို့တွင် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုများကို တိုင်ကြားနိုင်သည့် ဟော့လိုင်းဖုန်းနံပါတ်သစ် စတင်လွှင့်တင်ပြီး နာရီပိုင်းအတွင်း ဖုန်းခေါ်ဆိုမှု ၁၀၀၀ ကျော် ရရှိခဲ့သည်။ ဒေသခံများက ဥပဒေချိုးဖောက်သည်ဟု သံသယရှိသူများ၏ ဓာတ်ပုံများ၊ အသံမှတ်တမ်းများ၊ ဗီဒီယိုများကို အမည်မဖော်ဘဲ ပေးပို့ခဲ့ကြသည်။
ယခုနှစ်အစောပိုင်းက ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေမှာ ခွဲထွက်ရေးလှုပ်ရှားမှု၊ ပုန်ကန်မှု၊ ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုများကို ရာဇဝတ်မှုမြောက်သည်ဟု သတ်မှတ်ခဲ့သည်။ အဆိုပါဥပဒေကြောင့် ဟောင်ကောင်မြို့တွင် တက်ကြွလှုပ်ရှားသူအများအပြား ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြသူများကို အသံတိတ်စေခဲ့သည်။ အဆိုပါဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။
ပြီးခဲ့သည့်ကြာသပတေးနေ့ ညနေပိုင်းက ဟော့လိုင်းဖုန်း နံပါတ်မှတစ်ဆင့် သတင်းပေးမှု ၁၀၀၀ ကျော် ရရှိခဲ့ပြီး တရုတ်ပြည်မကြီးတွင် လူသုံးအများဆုံး မက်ဆေ့ app ဖြစ်သည့် WeChat မှတစ်ဆင့်လည်း သတင်းအချက်အလက်များ ပေးပို့ခဲ့ကြသည်။ အဆိုပါ လုပ်ဆောင်မှုကို အသုံးပြု၍ နိုင်ငံရေးအမြင်မတူသူများကို ပစ်မှတ်ထားလာဖွယ်ရှိသည်ဟု အတိုက်အခံနိုင်ငံရေးသမားများနှင့် အခွင့်အရေးအဖွဲ့များက သတိပေးထားသည်။
Ref:BBC(KNT)