နိုဝင်ဘာ ၆၊ ပါရီ
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ယင်း၏မှတ်ချက်စကားကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဆက်ဆွေးနွေးခဲ့သည်။ မကြာသေးမီက ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ကနေဒါနိုင်ငံအနေဖြင့် ပြင်သစ်ပြည်သူများဘက်မှ ရပ်တည်ကြောင်း ဂျက်စတင်ထရူဒေါက ပြောသည်။
ပြီးခဲ့သည့်လက ပါရီမြို့ ဆင်ခြေဖုံးဒေသတွင် တပည့်များကို တမန်တော် မိုဟာမက်၏ ကာတွန်းပြခဲ့ခြင်းကြောင့် ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ပြင်သစ်သမ္မတ မက်ခရွန်က ကာတွန်းများ ထုတ်ဝေခွင့်ကို ကာကွယ်ပေးသွားမည်ဟု ကြေညာခဲ့ရာ မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ အချို့နိုင်ငံများက ပြင်သစ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်သည့် ဂျက်စတင်ထရူဒေါ၏ မှတ်ချက်ကြောင့် ကနေဒါနှင့် ပြင်သစ်နိုင်ငံများတွင် ဝေဖန်မှုများ ရှိခဲ့သည်။
မကြာသေးမီက ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို ဂျက်စတင်ထရူဒေါက ရှုတ်ချခဲ့သော်လည်း တမန်တော်မိုဟာမက် ကာတွန်းပုံ ဖော်ပြမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုကို ဖြေကြားရာတွင် '' လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ စည်းလွတ်ဘောင်လွတ် မဟုတ်ပါဘူး။ တခြားသူတွေကို လေးစားမှုရှိဖို့ လိုတယ်။ လူ့အဖွဲ့အစည်းမှာ၊ ကမ္ဘာဂြိုဟ်ပေါ်မှာ အတူတကွ နေထိုင်သူတွေကို မလိုအပ်ဘဲ ထိခိုက်ဒဏ်ရာရအောင် မလုပ်ဖို့ လိုပါတယ်။ ဥပမာ ပြောရရင် လူပြည့်နေတဲ့ ရုပ်ရှင်ရုံထဲမှာ မီးလောင်နေပြီလို့ မဟုတ်မမှန် အော်ဟစ်ခွင့်မရှိပါဘူး။ ဒါမျိုးက အကန့်အသတ်ရှိပါတယ်''ဟု ဂျက်စတင်ထရူဒေါက ပြောသည်။
သို့သော် ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်ဝန်ကြီးချုပ် လီကောက်က ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို ခြွင်းချက်မရှိ ရှုတ်ချသည်ဟု ဆိုခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် မက်ခရွန်နှင့် လီကောက်တို့လည်း ဖုန်းဆက်စကားပြောခဲ့သည်ဟု ဆိုသည်။
Ref:BBC(KNT)