နိုဝင်ဘာ ၆ ၊ ဂွာတီမာလာစီးတီး
အီတာမုန်တိုင်း (Eta) တိုက်ခတ်မှုကြောင့် ဂွာတီမာလာနိုင်ငံတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်။ သေဆုံးခဲ့သူ ၅၀ အနက် တစ်ဝက်နီးပါးမှာ မြို့တစ်မြို့တည်းမှ ဖြစ်ပြီး တောင်နံရံပြိုကျခဲ့ခြင်းကြောင့် နေအိမ် ၂၀ နီးပါး ရွံများ ဖုံးလွှမ်းခံခဲ့ရကြောင်း ဂွာတီမာလာသမ္မတ ဂျီယမ်မက်တီက ပြောသည်။ အီတာမုန်တိုင်းမှာ ပြီးခဲ့သည့်အင်္ဂါနေ့က ပြင်းအားအဆင့် (၄) ဟာရီကိန်းမုန်တိုင်းအဖြစ် နိုင်ကရာဂွာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ အထိ ရှိခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ထို့နောက်တွင် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီး ဟွန်ဒူးရပ်စ်နှင့် ဂွာတီမာလာနိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းဝင်ရောက်သည့်နေ့တွင် နေ့တစ်ဝက်အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်ပမာဏမှာ ပုံမှန်အားဖြင့် တစ်လစာ မိုးရေချိန်ဖြစ်သည်ဟု ဂျီယမ်မက်တီက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်၍ ကယ်ဆယ်ရေးသမားများမှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့် ဒေသများသို့ သွားရောက်နိုင်ခဲ့ခြင်းမရှိပေ။သို့သော် ယခုအခါတွင် အဆိုပါဒေသများသို့ ခြေကျင်သွားရောက်ရန် စီစဉ်လျက်ရှိသည်။ အီတာမုန်တိုင်းကြောင့် အမေရိကတိုက် အလယ်ပိုင်းတွင် လူ ၇၀ ကျော် သေဆုံးခဲ့သည်။
Ref:BBC(KNT)