ဧပြီ ၃၀၊ ဆိုးလ်
တောင်ကိုရီးယားနိုင်ငံတွင် ၇၅ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီလ ၃၀ ရက်က ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၀ ရက်က ပထမဆုံး COVID-19 လူနာ စစ်ဆေးတွေ့ရှိခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း ကူးစက်မှု အမြင့်မားဆုံးနေ့တွင် ၉၀၉ ဦးအထိ ကူးစက်ခံခဲ့ရကြောင်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ မတ်လ ၂ ရက်က ကူးစက်ခံရသူ ၄၂၀၀ ကျော်ရှိခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှာ ရောဂါစစ်ဆေးမှု၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိသူများကို ခြေရာခံရှာဖွေမှု(Contact Tracing) အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးကျူးခံခဲ့ရသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း တင်းကျပ်သည့်စည်းမျဉ်းများချမှတ်ပြီး ဧပြီလ ၁၅ ရက်က ရွေးကောက်ပွဲကျင်းပခဲ့သည်။ ဧပြီလ ၂၂ ရက်နောက်ပိုင်းတွင် ရောဂါကူးစက်ခံရသူ ၁ ဦးမှ ၉ ဦးကြားသာ ရှိခဲ့ပြီးနောက် ကန့်သတ်မှုများကို ရုတ်သိမ်းပေးမည်ဟု တောင်ကိုရီးယားအစိုးရက ကြေညာခဲ့သည်။ ဧပြီလ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံတွင် ပြည်တွင်းကူးစက်ခံရမှုမရှိသော်လည်း ပြည်ပမှဝင်ရောက်လာသူ ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ဒုတိယလှိုင်းဖြစ်ပေါ်လာ နိုင်သည်ဟု အရာရှိများက သတိပေးထားသော်လည်း ကန့်သတ်မှုအချို့ကို ဖြေလျှော့ပေးမည်ဟု ဆိုသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀၇၆၅ ဦးရှိပြီး သေဆုံးသူ ၂၄၇ ဦးရှိသည်။
Ref:BBC(KNT)