နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပသို့ အရည်အသွေးမြင့်ဝါးများ အရေအတွက်အများအပြား တင်ပို့နိုင်ရန်အခက်အခဲများရှိ

ရန်ကုန်  နိုဝင်ဘာ ၆


မြန်မာနိုင်ငံမှ ထွက်ရှိသောဝါးများကို ပြည်ပမှဝယ်ယူရန် ကမ်းလှမ်းမှုများရှိသော်လည်း လိုအပ်သော အရည်အသွေးနှင့် အရေအတွက်အများအပြား ထုတ်လုပ်တင်ပို့နိုင်စေရန် အခက်အခဲများရှိနေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

ပြည်တွင်း၌ထွက်ရှိသော ဝါးအများစုသည် သဘာဝအတိုင်းပေါက်ရောက်နေသော ဝါးများဖြစ်သည့်  အတွက် စနစ်တကျစိုက်ပျိုးထားသော ဝါးများကဲ့သို့ အရည်အသွေးမြင့်မာခြင်းမရှိကြောင်း၊ ထို့အပြင် အရည်အသွေးကောင်းမွန်သော ဝါးများကို ရှာဖွေစုဆောင်းရာ၌လည်း အရေအတွက် အနည်းငယ်သာ ရရှိသည့်အတွက် ပြည်ပသို့အများအပြားတင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းအနေနှင့် နိုင်ငံတကာသို့ ပြည်တွင်းမှ ဝါးအများအပြား တင်ပို့နိုင် စေရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယခုအခါအရည်အသွေးမြင့် ဝါးပျိုးပင်ပေါင်း သိန်းနှင့်ချီကာ ဖြန့်ချိပေးထားပြီး လာမည့် ၄ နှစ်အတွင်း ပြည်ပနိုင်ငံများသို့ အရည်အသွေးမြင့်ဝါးများ တင်ပို့ရောင်းချခြင်းများ စတင်ဆောင်ရွက်နိုင်စေရန် ရည်မှန်းထားကြောင်း သိရသည်။

ထို့အပြင် ဝါးကိုအသုံးပြု၍ ကုန်ချောအဖြစ် ထုတ်လုပ်သော စားပွဲ၊ ကုလားထိုင်၊ ခုတင် စသည့် ပရိဘောဂပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်စေရန်အတွက်လည်း လုပ်ဆောင်လျက်ရှိပြီး လက်ရှိတွင် အဆိုပါပစ္စည်းများကို ပြည်တွင်း၌သာရောင်းချနိုင်သေးကြောင်း သိရသည်။

ဝါးသယံဇာတသည် ကျေးလက်နေပြည်သူများအတွက် များစွာအထောက်အကူပြုသောကြောင့် ယခုအခါ ပြည်တွင်း၌ ဝါးစိုက်ပျိုးရေးကဏ္ဍ ပိုမိုတွင်ကျယ်လာစေရန်နှင့် အရည်အသွေးမြင့်ဝါးများ အမြောက် အမြား ထွက်ရှိလာစေရန် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ