နိုဝင်ဘာ ၅၊ လန်ဒန်
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မိန်းကလေးငယ်တစ်ယောက် ပြန်ပေးဆွဲခံရမယ့် အခြေအနေကို တားဆီးပေးနိုင်ခဲ့ခြင်းကြောင့် ညီအစ်မနှစ်ဦးကို သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုလျက်ရှိသည်။ မစ်ချမ်ရွာတွင် အမျိုးသားတစ်ဦးက မိန်းကလေးငယ်ကို ပါးစပ်ပိတ်ထားပြီး မသင်္ကာစရာ အပြုအမူလုပ်နေကြောင်း တွေ့ရသည်ဟု ညီမဖြစ်သူက လာပြောခြင်းကြောင့် ရှန်နွန်က အဆိုပါနေရာသို့ သွားကြည့်ခဲ့သည်။
အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် ရှန်နွန်က အမျိုးသားနောက်သို့ လိုက်သွားပြီး ''ကလေးမလေးကို လွှတ်ပေးလိုက်၊ ရှင် သူ့ကို ဘာလုပ်နေတာလဲ''ဟု အော်ဟစ်မေးမြန်းခဲ့သည်။ ရှန်နွန်က အဆိုပါအမျိုးသားအနီးသို့ ကပ်သွားချိန်တွင် အမျိုးသားက မိန်းကလေးငယ်၏လက်ကိုလွှတ်ပြီး ထွက်ပြေးသွားခဲ့သည်။
တွစ်တာပေါ်မှ ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် ဒေသခံများက သံသယရှိသူကို ရှာဖွေရန် ရဲတပ်ဖွဲ့ကို ကူညီပေးခဲ့ရာ ယခုအချိန်တွင် အဆိုပါအမျိုးသားကို ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသည်။ ရှန်နွန်တို့ ညီအစ်မ၏ ရဲစွမ်းသတ္တိနှင့် လုပ်ရဲကိုင်ရဲမှုကို လူမှုကွန်ရက်ပေါ်မှ လူထောင်ပေါင်းများစွာက ချီးကျူး ဂုဏ်ပြုလျက်ရှိသည်။
Ref:BBC(KNT)