နိုဝင်ဘာ ၅၊ ဂျကာတာ
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့သည်။ အာဆီယံဒေသတွင် အင်အားအကြီးမားဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် တိုးတက်မှု ၃.၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်ကလည်း တိုးတက်မှု ၅ ဒသမ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ သုံးလပတ် နှစ်ပတ်ဆက်တိုက် ကျဆင်းမှု ကြုံတွေ့ခြင်းကြောင့် စီးပွားရေးကျဆင်းမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၉၈ ခုနှစ် အာရှစီးပွားပျက်ကပ်တွင် စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းခဲ့ခြင်းဖြစ်သည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် အလုပ်အကိုင် ဆုံးရှုံးသူ ၃ ဒသမ ၅ သန်း ရှိနိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံဒေသတွင် COVID-19 ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးက အဓိကအခန်းကဏ္ဍမှ ပါဝင်သော်လည်း ခရီးသွားလုပ်ငန်းအပေါ် အဓိက မှီခိုအားထားနေရသည်။ ယခင်က နှစ်စဉ်နှစ်တိုင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ လာရောက်သည့် နိုင်ငံခြားသား သန်းချီရှိခဲ့သည်။ သို့သော် COVID-19 ရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံက ဒေသခံမဟုတ်သူများကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ရာ ပြည်ပခရီးသွားအရေအတွက် ထိုးကျခဲ့သည်။
Ref:BBC(KNT)