နိုဝင်ဘာ ၅၊ ဝါရှင်တန်
ဝစ်ကိုဆင်နှင့် မစ်ချီဂန်ပြည်နယ်များတွင် အနိုင်ရခဲ့သည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်မှာ ကိုယ်စားလှယ်မဲ ၂၆၄ မဲအထိ ရရှိထားခြင်းကြောင့် နီဗားဒါးပြည်နယ်တွင် အနိုင်ရပါက အမေရိကန်သမ္မတ ဖြစ်လာတော့မည်ဖြစ်သည်။ ရီပတ်ဗလစ်ကန်ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်မှာ ကိုယ်စားလှယ်မဲ ၂၁၄ မဲသာ ရရှိထားပြီး နီဗားဒါး၊ ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ မြောက်ပိုင်းကာရိုလိုင်းနား ပြည်နယ်များတွင် အနိုင်ရရှိမှသာ ဒုတိယသက်တမ်း ထပ်မံရွေးကောက်ခံရမည်ဖြစ်သည်။
လက်ရှိအခြေအနေအရ နီဗားဒါးပြည်နယ်မှ မဲရေတွက်မှုများကို တစ်ကမ္ဘာလုံး အာရုံစိုက်လျက်ရှိရာ နီဗားဒါးပြည်နယ်တွင် အခြေအနေ တင်းမာလျက်ရှိသည်။ လက်ရှိအချိန်တွင် နီဗားဒါးပြည်နယ်၌ ဂျိုးဘိုင်ဒင်က မဲရလဒ် ၇၀၀၀ ကျော်ဖြင့် ဦးဆောင်နေပြီး နောက်ထပ်မဲရလဒ်များကို ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ( မြန်မာစံတော်ချိန် သောကြာနေ့ နံနက် ၁ နာရီခွဲ)မှသာ ထုတ်ပြန်မည်ဟု ကြေညာထားသည်။
အကြိတ်အနယ်ယှဉ်ပြိုင်ရလေ့ရှိသည့် နီဗားဒါးပြည်နယ်မှာ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ်က ရီပတ်ဗလစ်ကန်ကိုယ်စားလှယ် ဂျော့ဒဗလျူဘုရှ်ကို မဲပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်များတွင် ဒီမိုကရက် တစ်ကိုယ်စားလှယ်များကိုသာ မဲပေးခဲ့သည်။
Ref:BBC(KNT)