နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးဆေးစစ်ခံရသည့် ကုန်တင်ယာဉ်များ ပုံမှန်လုပ်ငန်းနီးပါးသို့ ပြန်လည်ရောက်ရှိ

ရန်ကုန် နိုဝင်ဘာ ၄


၂၀၂၀ ပြည့်နှစ် ဩဂုတ်လလယ်ဝန်းကျင်မှစ၍ ရန်ကုန်မြို့တွင် တစ်ကျော့ပြန် ကိုဗစ်ဖြစ်ပွားနှုန်းမြင့်တက် လာမှုကြောင့် ရန်ကုန်မြို့ပြင်ပသို့ ခရီးသွားလာခြင်းများအပေါ် သက်ဆိုင်ရာမှ ကန့်သတ်မှုများရှိလာသည်။ အဝေးပြေးခရီးသည်တင်ယာဉ်များ ပြေးဆွဲမှုရပ်ဆိုင်းခဲ့သော်လည်း ကုန်တင်ယာဉ်များသွားလာမှုကို ခွင့်ပြု ထားခဲ့သည်။

သို့သော် စက်တင်ဘာလကုန်ပိုင်းမှစ၍ ရန်ကုန်-မန္တလေးအဝေးပြေးကားလမ်း၏ မန္တလေးတိုင်းဒေသကြီး သို့အဝင် ရမည်းသင်းမြို့တွင် ကုန်တင်ကားများအပါ် ကျန်းမာရေးစစ်ဆေးမှုအ‌ထောက်အထားများ စစ်ဆေး မှုရှိလာရာ ကုန်တင်ယာဉ်အများစုမှာ ယင်းကျန်းမာရေးစစ်ဆေးချက်များမပါရှိ၍ ဆက်လက်မောင်းနှင်ခွင့် မရဘဲ ရပ်တန့်ထားရာ ယာဉ်အစီးရေ ရာချီ၍ ယင်းမြို့အဝင်တွင်ရပ်တန့်ထားခဲ့ရသည်။

အောက်တိုဘာလဆန်း ၂ ရက်တွင် သက်ဆိုင်ရာမှ Covid -19 Rapid Antigen Diagnostic Test များဖြင့် ကုန်တင်ယာဉ်လုပ်သားများကို စစ်ဆေးပြီးသွားလာခွင့်ပြုခဲ့သည်။ အလားတူရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီး နယ်စပ်ဝမ်းဘောဒက်တံတားအနီးမိုင်တိုင် ၃၂ မိုင် ၇ ဖာလုံတွင် ကုန်တင်ယာဉ်ပေါင်း ရာချီ၍စောင့်ဆိုင်းနေမှုရှိလာသည်။

ရန်ကုန်မင်းဓမ္မလမ်း MCC အဆောက်အဦးတွင် ကုန်တင်ယာဉ်လုပ်သားများကို အောက်တိုဘာ ၅ ရက် မှစ၍ R A D test များဖြင့် စစ်ဆေးကာ ( Negative) ပြသူများကို ဆေးစစ်ခံချက်လက်မှတ်များ ထုတ်ပေးမောင်းနှင် ခွင့်ပြုခဲ့သည်။

မြစ်ဝကျွန်းပေါ်ဒေသများသို့ပြေးဆွဲနေသောကုန်ကားများကိုလည်း အောက်တိုဘာ ၈ ရက်မှစ၍ ကျန်းမာရေးဆေးစစ်ပြီးမှ သွားလာခွင့်ပြုခဲ့သည်။

အောက်တိုဘာလဆန်း ၂ ရက် စတင်စစ်ဆေးသောနေ့များတွင် အခမဲ့စစ်ဆေးပေးခဲ့သော်လည်း နောက်ရက်တွင် ယာဉ်လုပ်သားတစ်ဦးလျှင် စစ်ဆေးခ ကျပ်နှစ်သောင်းနှုန်းစီ ပေးလာရသည်။ သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုအရ ကျပ်တစ်သောင်းနှုန်းစီသာ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကောက်ခံမှုပြုလာသည်ဟု သိရသည်။

အဝေးပြေးကုန်ကားလောကတွင် ကျန်းမာရေးဆေးစစ်ချက်အတွက် စိစစ်မှုကြောင့် အောက်တိုဘာ လဆန်းတွင် ကုန်ကားအခက်အခဲများဖြစ်ပေါ်ကာ ကုန်ကားခနှုန်းထားအချို့ မြင့်တက်လာသည်။ ခရီးအကွာ အဝေးမိုင် ၁၈၀ ဝန်းကျင်ရှိသော ရန်ကုန်-ဘားအံခရီးစဉ်တွင် ပုံမှန်အားဖြင့် တွဲကားနှုန်းထားကုန်တစ်တန် လျှင် ကျပ် ၁၈၀၀၀ ဝန်းကျင်ရှိရာမှကျပ် ၂၅၀၀၀ ဝန်းကျင်သို့ကုန်ကားခနှုန်းမြင့်တက်လာသည်ဟု ယင်းခရီးစဉ်မှ ကုန်ကားဂိတ်ပိုင်ရှင်ကုန်ကား NGO အသင်း နာယက ဦးကိုကိုနိုင်ထံမှ သိရသည်။ အလားတူ ခရီးအကွာအဝးမိုင် ၁၀၅ ဝန်းကျင်ရှိသော ရန်ကုန်မြောင်းမြခရီးတွင်လည်း ပိဿာ ၃၀ ဝန်းကျင်ရှိ အာလူး-ကြက်သွန်နီတစ်အိတ်လျှင် ပုံမှန်ကားခကျပ် ၈၀၀ နှုန်းရှိရာမှ ကျပ် ၁၂၀၀ နှုန်း၊ အလေးချိန် ၁၀ ပိဿာရှိသော ဆီပုံး၊ ထန်းလျက်ပုံးတစ်ပုံးကားခပုံမှန် ၃၅၀ ကျပ်နှုန်းရှိရာမှ ၅၀၀ ကျပ်နှုန်းသို့ ကားခနှုန်းထားများ မြင့်တက်လာသည်ဟု မြောင်းမြသို့ ကုန်ဝယ်တင်ပို့နေသူ ကိုဇော်ထွန်းထံမှ သိရသည် ။

ရှမ်းပြည်နယ်မှ ရန်ကုန်သို့ တင်ပို့နေသော ကုန်စိမ်းကားခများသည်လည်း တစ်ပိဿာလျှင်ကျပ် ၃၀ ဝန်းကျင် မြင့်တက်လာသဖြင့် ရှမ်းပြည်နယ်ရှိ စိုက်ခင်းများတွင် ခရမ်းချဉ်သီးတစ်ပိဿာ ၃၀၀ ကျပ်သာ ရှိသော်လည်း ‌အောက်တိုဘာလဆန်းပိုင်း ရန်ကုန်တွင် အိမ်ရှင်မများအနေဖြင့်တစ်ပိဿာ ၂၀၀၀ ကျပ်ဝန်းကျင်ဖြင့်လည်းကောင်း၊ စိုက်ခင်းအတွင်း ဂေါ်ဖီတစ်ထုပ် ၄၀၀ ကျပ်ဝန်းကျင်သာရှိ သော်လည်း ရန်ကုန်တွင် ကျပ် ၁၂၀၀ ဝန်းကျင်ဖြင့်လည်းကောင်း ဝယ်ယူနေရသည်ဟု ရန်ကုန်နေ အိမ်ရှင်မတစ်ဦးကပြောသည်။ ယာဉ်တစ်စီးလျှင် ယာဉ်မောင်းနှင့်ယာဉ်အကူတစ်ဦးစီ လိုက်ပါသော်လည်း သုံးရက်တစ်ကြိမ်ဆေးစစ်နေရ၍ ရန်ကုန်ဘားအံ ပြေးဆွဲနေသော ၁၂ ဘီး ကုန်ကားတစ်စီးတွင် အသက် ၅၀ အရွယ် ယာဉ်မောင်းဦးတင်စိုး တစ်ဦးတည်းသာ ယာဉ်အကူမပါဘဲ ပြေးဆွဲနေသည်ဟု ယင်းကားကုန်တင်နေသော ကုန်ကားဂိတ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြောပြသည်။

ယင်းခရီးစဉ်တွင်ဘားအံမှအပြန် ကုန်မရသဖြင့် ရန်ကုန်သို့ ကုန်မပါအလွတ်(ခါလီ)ပြန်ရသည်။ ဘုရင့်နောင်မှ ၁၂ ဘီးကားများစင်းလုံး ကုန်အစားစပ်ကုန်သာတင်ရ၍ ကုန်ကားခနှုန်းပိုမိုရသည်။ ယင်းခရီးစဉ် အသွားအပြန်တစ်ကြောင်းလျှင် နှစ်ညသုံးရက်ကြာမြင့်သည်။ ယာဉ်မောင်းကြေးကျပ် ၆၀၀၀၀၊ ယာဉ်အကူ ကျပ် ၃၀၀၀၀ တစ်ရက်စားစရိတ်တစ်ဦးလျှင်ကျပ် ၅၀၀၀ စီအသွားအပြန် ခရီးတစ်ကြောင်းလျှင် အခကြေးငွေရသည်ဟု သိရသည်။ အောက်တိုဘာ ၆ ရက်မှ ၁၆ ရက်အတွင်း အသွားအပြန်ခရီး ၄ ကြိမ်ရပြီး ဆေးစစ်ရသည့်အကြိမ်မှာ ရန်ကုန်တွင်နှစ်ကြိမ် နယ်တွင်နှစ်ကြိမ်ရှိခဲ့သည်။ အောက်တိုဘာ ၁၇ ရက်တွင် ကုန်တင်ထွက်ရန် ရန်ကုန်တွင် ငါးကြိမ်မြောက် ဆေးစစ်ခံရသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကုန်ကားအဝင်အထွက်(၇)နေရာအပါအဝင် တစ်နိုင်ငံလုံးတွင် ဆေးစစ်ပေး နေသည့်နေရာ ၇၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

သို့ဖြစ်ရာ ယခုနိုဝင်ဘာလဆန်းတွင် ကုန်ကားများအနေဖြင့် ယာဉ်လုပ်သားများ ဆေးစစ်ခံယူခြင်းရခြင်း မှာ ပုံမှန်အနေအထားဖြစ်လာပြီး ကုန်စည်စီးဆင်းမှုမှာလည်း ပုံမှန်အနေအထားသို့ ရောက်ရှိလာသည်ဟု      ဘုရင့်နောင်ကားဂိတ်လုပ်ငန်းရှင်အများစုက သုံးသပ်ပြောဆိုလာသည်။ ကုန်ကားခနှုန်းထားများမှာလည်း       ပုံမှန်ဈေးနှုန်းအနေအထားသို့        မရောက်သေးသော်လည်း   အနည်းငယ်ပြန်လည်ကျဆင်းလာသည်ဟု သိရ သည်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ကုန်စည်တင်ဆောင်ခွင့်မရှိသော ခရီးသည်တင် အဝေးပြေး  Express ကားကြီးများ ကုန်တင်ဆောင်ပြေးဆွဲလာခြင်းသည် ထူးခြားသည်။ ဘုရင့်နောင်ပွဲရုံ အချို့သို့ ထန်းလျက်ပုံးများ တင်ဆောင်လာသော ယင်းကားကြီးများ ကုန်ချနေသည်ကို ငုဝါလမ်းအတွင်း အောက်တိုဘာလလယ်ပိုင်းတွင် တွေ့မြင်ရသည်ဟု ယင်းလမ်းတွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

လမ်းခရီးတစ်လျှောက် ထိတွေ့မှုများသော ကုန်ကားယာဉ်လုပ်သားအချို့ထံမှ ကိုဗစ်ရောဂါပျံ့နှံ့ ကူးစက်မှုများရှိလာ၍ ကုန်ကားယာဉ်လုပ်သားများကို ကျန်းမာရေးဆေးစစ်မှုခံယူစေပြီး (-) ပြမှသာ သွားလာခွင့်ပြုသည့် ဖြစ်စဉ်သည်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက် မှုရှိခဲ့သော်လည်း တစ်လဝန်းကျင်အကြာ ယခုလဆန်းပိုင်းတွင်မူဆေးစစ်ခံမှုနှင့်အတူ ကုန်စည်စီးဆင်း ရေးတို့မှာ ပုံမှန်အနေအထားနီးပါးသို့ ပြန်လည်ရောက်ရှိလာသည်ဟု ကုန်ကားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ