နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်စည်စီးဆင်းမှုမပြတ်လပ်စေရန်တင်ပို့နေသောကုန်တင်ယာဉ်မောင်းတို့၏စကားသံများ

ရန်ကုန်၊  နိုဝင်ဘာ  ၄

  ကမ္ဘာ့ကပ်ရောဂါဖြစ်သော COVID-19 ကူးစက်ရောဂါ မြန်မာနိုင်ငံတွင် စတင်ကြုံတွေ့ချိန်မှ ယနေ့ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်း မရှိစေရန် နိုင်ငံတော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့၏ ကုန်စည်ဒိုင်ကြီးတစ်ခုဖြစ်သော မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ ကုန်စည်ဒိုင်သို့ ကုန်တင်ယာဉ်များ နေ့စဉ်မပြတ် ဝင်၊ထွက်လျက်ရှိပြီး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အဓိကပို့ဆောင်သူတို့မှာ ကုန်တင်ယာဉ်မောင်းများဖြစ်သောကြောင့် COVID-19 ရောဂါ ဒုတိယလှိုင်းတွင် အခက်အခဲများကြားမှ ကုန်စည်ပို့ဆောင်နေသော ကုန်တင်ယာဉ်မောင်းတို့၏ ရင်တွင်း စကားသံတို့ကို ဤသို့ ကြားသိခဲ့ရသည်။

ကိုအောင်မင်းပိုင် (ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း-ရန်ကုန်)

လက်ပံတန်းကနေ ရန်ကုန်ဘုရင့်နောင်ပွဲရုံကို ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ ပို့ဆောင်တယ်။ ရန်ကုန်ကနေ လက်ပံတန်းကို စားသောက်ကုန်ပစ္စည်းမျိုးစုံ ပြန်ပြီး တင်ဆောင်ပါတယ်။ ဒီနေ့ဆိုရင်လည်း ငါးခြောက် အပါအဝင် ကြက်သွန်ကအစ ပါတယ်။

ကုန်တင်ယာဉ်မောင်းတွေ အများဆုံးကြုံတွေ့နေရတာက ကုန်ပို့ဆောင်တဲ့ ၃ ရက်တစ်ကြိမ် နှာခေါင်းတို့ပတ် ယူတာကြောင့် နှာခေါင်းတွေ မခံနိုင်အောင် ခံရတယ်။ အောက်တိုဘာလနဲ့ နိုဝင်ဘာပထမပတ်မှာ ၅ ခေါက်ပဲ ဆွဲနိုင်တယ်။ တစ်ခါစစ်ရင် ကျပ် ၁၀၀၀၀ ပေးရတယ်။ မီးနင်းကျောင်းဂိတ်မှာစစ်ပြီးလို့ ၇၂ နာရီအတွင်း ပဲခူး တိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်သွားလို့ရတယ်။ ၃ ရက်ဆိုရမှာပေါ့။ ဆေးစစ်ချက်မပါရင် ပဲခူးတိုင်းဒေသကြီးကို ပြန်ဝင်ခွင့်မရဘူး။ ကုန်စည်စီးဆင်းမှုအခက်အခဲမရှိဘူး။ ဆေးစစ်တဲ့နေရာတွေမှာ အချိန်ကြန့်ကြာမှုရှိနေတာ။ မီးနင်းကျောင်းမှာစစ်လို့မရလို့ တိုက်ကြီးမှာစစ်ရမယ်ဆိုတာကြောင့် တိုက်ကြီးမှာ စစ်တော့ ညနေ ၃ နာရီခွဲ တန်းစီတာ ညအိပ်လိုက်ရတယ်။ မနက် ၈ နာရီခွဲ စာရင်းပေးပြီး တန်းစီလိုက်တာ မွန်းလွဲ ၂ နာရီခွဲမှ ဆေးစစ်လို့ပြီးတယ်။ ကုန်တင်ယာဉ်မောင်းတွေကို ၃ ရက် တစ်ကြိမ်ထက်၊ တစ်ပတ် တစ်ခါ၊ ၁၀ ရက် တစ်ကြိမ် စစ်ဆေးမယ်ဆိုရင် ခံသာမယ်ထင်တယ်။ ၃ ရက်တစ်ကြိမ် ဆေးစစ်ခံရတာကြောင့် ကားတွေ နားဖို့ လုပ်နေကြတယ်။ ကျွန်တော်တို့ ဆွဲပေးနေသ၍ ကုန်စည်စီးဆင်းမှုမပြတ်ဘူး။ ဒါပေမယ့် ၃ ရက် တစ်ကြိမ် စစ်ဆေးမှုကို လများစွာကြုံလာရမယ်ဆိုရင် ကျွန်တော်တို့လည်း ကားဆက်ထွက်နိုင်တော့မှာမဟုတ်ဘူး။ ရောဂါကာကွယ်ရေးဖြစ်တဲ့အတွက် လုပ်ဆောင်ရမှာပါ။

ကုန်တင်ယာဉ်မောင်းတွေ သွားလာနေသမျှ ကုန်စည်စီးဆင်းမှုရှိနေမှာပါ။ ၃ ရက် တစ်ခေါက် တစ်ကြိမ် ထက် နှစ်ခေါက်တစ်ကြိမ် ဆေးစစ်မယ်ဆိုရင် ယာဉ်မောင်းတွေ နည်းနည်းခံသာမှာပါ။


ကိုအောင်မျိုးဇော် (ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတ-ရန်ကုန်)

ဟင်္သာတမြို့ကနေ ဘုရင့်နောင်ပွဲရုံကို ဆန်၊ ပဲနဲ့ စပါးပို့တယ်။ ရန်ကုန်ဘုရင့်နောင်ပွဲရုံကနေ ဈေးကုန်တွေ ဖြစ်တဲ့ စားသောက်ကုန်မျိုးစုံပြန်ပြီးတင်ပါတယ်။ ဟင်္သာတအထွက်မှာ ကျန်းမာရေး၊ ရပ်ကွက်နဲ့ ဂိတ် ထောက်ခံစာတွေယူပြီး ရန်ကုန်ကိုဝင်တယ်။ အပြန်ဆိုရင် ထန်းတပင်လမ်းဆုံ၊ ရှမ်းရွှေဥနဲ့ ပန်တိုင် နေရာ သုံးနေရာမှာ နှာခေါင်းတို့ပတ်စစ်တယ်။ ၃ ရက် တစ်ကြိမ် နှာခေါင်းတို့ပတ်စစ်တဲ့အတွက် လူလည်း မခံနိုင်သလို ရေရှည်မှာ ခံနိုင်ပါ့မလား စိုးရိမ်တယ်။ လမ်းမှာ အချိန်ကြန့်ကြာမှုရှိတာကြောင့် ကိုယ့်မြို့ကိုရောက်တဲ့အခါ ကုန်ပစ္စည်းတွေကို တစ်ဆင့်သယ်ပြီး ခေါက်တိုကားနဲ့ပို့ရတဲ့အတွက် ကုန်ပစ္စည်းတွေ နည်းနည်းကြန့်ကြာမှု ရှိတယ်။ ကုန်ပစ္စည်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုအားနည်းရင် ကုန်ဈေးနှုန်းမတည်ငြိမ်မှုကိုကြုံရနိုင်ပါတယ်။ကျွန်တော်တို့လည်း မိသားစုဝမ်းရေးလည်းရှိတဲ့အတွက် မောင်းနိုင်သလောက်တော့မောင်းမှာပါ။ အချို့လည်း မမောင်းနိုင်တော့ဘူး။

COVID-19 ကာလမှာ ယာဉ်မောင်းခေါက်ကြေး ပုံမှန်ဈေးနှုန်းဖြစ်ပေမယ့် အသွားအလာအခက်အခဲရှိတာ ကြောင့် ခေါက်ရေနည်းသွားတယ်။ ကုန်စည်ကတော့ ပုံမှန်စီးဆင်းနေမှာပါ။


ကိုတင့်နိုင်ဝင်း(မွန်ပြည်နယ်၊မော်လမြိုင်-ရန်ကုန်)

ကုန်တင်ယာဉ်မောင်းတွေကို မော်လမြိုင်ကနေ ရန်ကုန်ကိုသွားမယ်ဆိုရင် ရောဂါကာကွယ်ရေးအတွက် စစ်တယ်။ မော်လမြိုင်အထွက် စစ်တောင်းတံတားနားမှာ နှာခေါင်းတို့ပတ်ယူတာရှိတယ်။ ၃ ရက် တစ်ကြိမ် ဆေးစစ်တယ်။ ဘုရင့်နောင်ပွဲရုံက ကုန်ပစ္စည်းတင်ဆောင်ပြီး မော်လမြိုင်ကိုပြန်ရင် ပုံမှန်လိုမောင်းလို့မရတော့ဘူး။ အချိန်လုပြီးမောင်းရတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်အပြန် မော်လမြိုင်အဝင် ဆေးစစ်တဲ့အခါမှာ နေ့တစ်ဝက်အချိန်ကုန်တယ်။ ဒါကြောင့် အပြန်မှာလုပြီးမောင်းရတဲ့အခက်အခဲတော့ရှိတယ်။ စစ်တောင်းနဲ့ မော်လမြိုင်ကို ၅ နာရီနီးပါး မောင်းရတဲ့အတွက် ညနေ ၄ နာရီခွဲမှာ မော်လမြိုင်ပွဲရုံတွေပိတ်တာကြောင့် အပေါ်ကုန်ပဲယူလို့ရမယ်။ ကျန်တဲ့ကုန်ပစ္စည်းတွေ နောက်ရက်ကူးသွားပြီ။ နောက်ရက် ရန်ကုန်ကိုပြန်တက် ရမယ့်အချိန်မှာ တက်လို့မရတော့ဘူး။ အချိန်ကြန့်ကြာခဲ့လို့ ကုန်ပစ္စည်းတွေကိုလိုက်ပို့ရတာကြောင့် အဲ့ဒီ အခက်အခဲလည်းရှိတယ်။ အုံနာအတွက် ကုန်ကျစရိတ်နစ်နာသလို ယာဉ်မောင်းတွေလည်း နစ်နာတာပေါ့။ ကုန်ဈေးနှုန်းဈေးကစားတာ အဲ့ဒါကြောင့်လည်းပါမယ်။ ကုန်ဈေးနှုန်းမတည်ငြိမ်မှုဟာ ကုန်စည်စီးဆင်းမှု အပေါ်မှာလည်း သက်ရောက်နိုင်လို့ပါပဲ။

နှာခေါင်းတို့ပတ်ယူတဲ့အခါမှာ နှစ်ခေါက်ကို ကားအုံနာကပေးပြီး တစ်ခေါက်ကို ယာဉ်မောင်းက ခံရတယ်။ COVID-19  မဖြစ်မီက တစ်လကို ရှစ်ခေါက်၊ ကိုးခေါက်သွားလို့ရတယ်။ အခုငါးခေါက်ပဲဆွဲနိုင်တယ်။ ပိတ်ရက် များတဲ့လဆိုရင် လေးခေါက်ပဲဆွဲနိုင်တယ်။ မော်လမြိုင်ကနေ ရန်ကုန်ကို ကုလားပဲ၊ ရော်ဘာတင်ပို့တယ်။ ဘုရင့်နောင်ပွဲရုံကနေ မော်လမြိုင်ကို စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းမျိုးစုံတင်ပို့ပါတယ်။


ကိုမြင့်ထွန်းနိုင် (ကရင်ပြည်နယ်၊ဘားအံ-ရန်ကုန်)

အရင်ထက်စာရင် ကုန်တင်ယာဉ်မောင်းတွေမှာ အခက်အခဲတော့ရှိလာတယ်။ သယ်ဆောင်တဲ့ကုန် မြန်မြန်ရောက်ချင်တယ်။ ခေါက်ရေများချင်တယ်။ အသွားအလာအဆင်ပြေချင်တယ်။ ကားသမားအားလုံးရဲ့ ဆန္ဒဖြစ်မှာပါ။ ဒါပေမယ့် အခုအချိန်မှာ အခေါက်ရေများလာရင် နှာခေါင်းတို့ပတ်များများကြုံရတာကြောင့် ကြာရင် နှာခေါင်းကင်ဆာဖြစ်မှာလည်းကြောက်ရတယ်။ ၃ ရက်တစ်ကြိမ်ထက် တစ်ပတ်တစ်ကြိမ်ဆေးစစ်ရင် ပိုကောင်းမယ်ထင်တယ်။ မြိုင်ကလေး တန် ၉၀၀ ဘောလုံးကွင်းမှာ နံနက်၊ နေ့လယ် နှစ်ကြိမ်ခွဲပြီး ဆေးစစ် ပေးတယ်။ လူများရင်များသလိုကြာတတ်တယ်။

ဘားအံက ဆီ၊ အထည်အလိပ်၊ အသီးအနှံတွေတင်ဆောင်ပြီးတော့ ရန်ကုန်ကနေ စားသောက်ကုန်မျိုးစုံ ပြန်ပြီးတင်ဆောင်ပါတယ်။ ဒူးရင်းဆိပ်၊ စစ်တောင်းမှာ ညအိပ်ရတာလည်းရှိတယ်။ ကုန်ချတာ အခက်အခဲမရှိဘူး။ ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်းမရှိအောင်နဲ့ ကုန်တင်ယာဉ်မောင်းတွေ အခေါက်တိုင်း နှာခေါင်းတို့ပတ်ယူဖို့ စောင့်ဆိုင်းရတဲ့အချိန်ကို ဘယ်လိုကုစားနိုင်မလဲဆိုတာ အဖြေရှာဖို့လည်းလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ယာဉ်မောင်းအားလုံး ကြုံတွေ့ခံစားနေရလို့ပါပဲ။ ဒီကပ်ရောဂါ ဘယ်တော့မှပြီးဆုံးမလဲဆိုတာ မသိနိုင်ဘူး။ နိုင်ငံအတွက် ကုန်စည်စီးဆင်းမှုဟာ အရေးကြီးတာကြောင့် ကုန်တင်ယာဉ်မောင်းတွေအားလုံး ကျန်းမာဖို့ လိုသလို အဆင်ပြေဖို့လည်းလိုပါတယ်။

ဓာတ်ပုံ - ကနူး၊ (၁၁၂ )






အခြားဆက်စပ်သတင်းများ