နိုဝင်ဘာ ၄၊ ဆစ်ဒနီ
ညဉ့်သန်းခေါင်ယံအချိန် နေအိမ်မီးလောင်ခဲ့သော်လည်း ကြက်တူရွေးက ယင်းကို အိပ်ရာမှ နှိုးခဲ့ခြင်းကြောင့် အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဟု သြစတြေးလျအမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကွင်းစ်လန်းပြည်နယ်၊ ဘရစ္စဘိန်းမြို့တွင် နေထိုင်သည့် အန်တန်ငုယင်မှာ ယင်း၏ နှစ်ထပ်အိမ် မီးလောင်နေချိန်တွင် အိပ်ပျော်နေခဲ့သည်။
'' ကျွန်တော် ဆူဆူညံညံအသံတွေ ကြားတယ်။ ကျွန်တော့် ကြက်တူရွေး အဲရစ်က ကျွန်တော် အိပ်ရာနိုးအောင် အော်နေတယ်။ ကျွန်တော်လည်း မီးခိုးနံ့ရတယ်။ ကျွန်တော် အဲရစ်ကို ခေါ်ပြီး တံခါးဖွင့်လိုက်တော့ အိမ်နောက်ဖေးမှာ မီးခိုးတွေ တွေ့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း အောက်ထပ်ကို ပြေးဆင်းလာခဲ့တာ''ဟု အန်တန်ငုယင်က ပြောသည်။
ဒေသစံတော်ချိန် နံနက် ၁ နာရီအချိန်တွင် မီးသတ်သမားများ ရောက်ရှိလာခဲ့ရာ နေအိမ်လည်း မီးလောင်ကျွမ်းခံခဲ့ရသည်။ မီးသတ်သမား ၄ ဦးက တစ်နာရီကြာအချိန်ယူ၍ မီးငြှိမ်းသတ်ခဲ့ရသည်။ တစ်ဦးတည်း နေထိုင်သည့် အန်တန်ငုယင်မှာ ကြက်တူရွေးကို ခေါ်ပြီး အိတ်တစ်လုံးဖြင့် မီးဘေးမှ လွတ်မြောက်ခဲ့သည်။
အန်တန်ငုယင်၏ နေအိမ်တွင် မီးခိုးအချက်ပြစနစ် တပ်ဆင်ထားသော်လည်း အဆိုပါစနစ် အသံမမြည်ခင်ကတည်းက ကြက်တူရွေးက အန်တန်ငုယင်ကို အိပ်ရာမှ နိုးလာအောင် အော်ဟစ်ခဲ့ခြင်းဟု ဆိုသည်။ အဆိုပါဖြစ်ရပ်တွင် မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
Ref:BBC(KNT)