နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွဲထွက်ရေးလှုပ်ရှားသူများကို ထိုးစစ်ဆင်ရန် အီသီယိုးပီးယားဝန်ကြီးချုပ် ညွှန်ကြား

နိုဝင်ဘာ ၄၊ အဒစ်အဘာဘာ


စစ်တပ်အခြေစိုက်စခန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် တိုင်ဂရေးပြည်နယ်ရှိ ခွဲထွက်ရေးလှုပ်ရှားမှုကို ထိုးစစ်ဆင်နွှဲရန် အီသီယိုးပီးယားဝန်ကြီးချုပ် အဘေးအာမတ်က စစ်တပ်ကို ညွှန်ကြားခဲ့သည်။ တိုင်ဂရေးပြည်နယ်၏ အာဏာရပါတီဖြစ်သည့် တိုင်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး Tigray People's Liberation Front (TPLF) က စစ်တပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဟု အဘေးအာမတ်က စွပ်စွဲထားသည်။


TPLF က စစ်လက်နက်ကိရိယာများကို ဖောက်ထွင်းခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှ ထုတ်ပြန်ချက်တွင် အဘေးအာမတ်က ဆိုသည်။ သို့သော် စစ်တပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရသည့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။ ပြီးခဲ့သည့်လများအတွင်း အီသီယိုးပီးယားအစိုးရနှင့် TPLF ကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး နှစ်ဖက်လုံးက စစ်အင်အား အသုံးပြုရန် အကွက်ချ စီစဉ်နေသည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။


အီသီယိုးပီးယားနိုင်ငံကို ကယ်တင်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့များကို စစ်ဆင်ရေးဆင်နွှဲရန် ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း တွစ်တာနှင့် ဖေ့ဘွတ်ခ် စာမျက်နှာများတွင် အဘေးအာမတ်က ရေးသားခဲ့သည်။ ပြည်ထောင်စုအစိုးရနှင့် ရွေးကောက်ပွဲဘုတ်အဖွဲ့က ရွေးကောက်ပွဲအားလုံး ရွှေ့ဆိုင်းရန် ဆုံးဖြတ်ထားခြင်းကို လွန်ဆန်ပြီး ပြီးခဲ့သည့်စက်တင်ဘာလက တိုင်ဂရေးလွှတ်တော် ဖွဲ့စည်းရေးအတွက် ကိုယ်ပိုင်ရွေးကောက်ပွဲကျင်းပခဲ့ခြင်းကြောင့် အစိုးရက ယင်းတို့ကို ထိုးစစ်ဆင်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု တိုင်ဂရေးဒေသအကြီးအကဲ ဂီဘရီမီချယ်က ပြောသည်။


တိုင်ဂရေးဒေသခံများမှာ ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အီသီယိုးပီးယားနိုင်ငံတွင် နိုင်ငံရေးအာဏာ အများစု ရယူနိုင်ခဲ့သူများဖြစ်သော်လည်း အဘေးအာမတ် အာဏာရလာပြီးနောက်ပိုင်း ယင်းတို့၏ နိုင်ငံရေးအာဏာမှာ မှေးမှိန်ကျဆင်းသွားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရခဲ့သည့် အဘေးအာမတ်မှာ ယင်း၏အစိုးရအပေါ် ဆန့်ကျင်သူများကို ပိတ်လှောင်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲများဖြင့် ရင်ဆိုင်နေရပြီး ဖိအားပေးခံရလျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ