နိုဝင်ဘာ ၃၊ ဘရာစီလီယာ
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ဘရာဇီးနိုင်ငံ၏ အမေဇုန်သစ်တောအတွင်း လောင်ကျွမ်း နေသည့် တောမီးပမာဏမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလထက် နှစ်ဆကျော် ပိုမိုများပြားကြောင်း ဂြိုဟ်တုအချက်အလက်များတွင် ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ဘရာဇီးနိုင်ငံ၏ အမေဇုန်သစ်တောအတွင်း တောမီးလောင်ကျွမ်းမှု ၇၈၅၅ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် တောမီး ၁၇၃၂၆ ရှိခဲ့သည်ဟု အာကာသသုတေသနသိပ္ပံဌာနက ပြောသည်။
ဂြိုဟ်တုအချက်အလက်များအရ ပြီးခဲ့သည့်လက ပန်တာနယ်စိမ့်မြေတွင်လည်း တောမီးလောင်ကျွမ်းမှု စံချိန်တင်အရေအတွက် ရှိခဲ့သည်ဟု ယူဆစရာဖြစ်သည်။ ပြီးခဲ့သည့်အောက်တိုဘာလက ပန်တာနယ် ဒေသတွင် တောမီးလောင်ကျွမ်းမှု ၂၈၅၆ ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် ၃၀ တွင် တောမီးလောင်ကျွမ်းမှု မှတ်တမ်းများ စတင်မှတ်သားခဲ့ပြီးနောက်ပိုင်း တစ်လတာ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သည်။
ဘရာဇီးအစိုးရက တောမီးလောင်ကျွမ်းမှု မြင့်တက်လာခြင်းကို တားဆီးနိုင်ခြင်းမရှိဟု သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။ သို့သော် ယင်းတို့ကို အပြစ်တင်၍မရကြောင်း ဘရာဇီးအစိုးရက တုံ့ပြန်ထားသည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် ဘရာဇီးအစိုးရက မီးရှို့ခြင်းများကို ရက် ၁၂၀ ကြာ ပိတ်ပင်ခဲ့ပြီး တောမီးလောင်ကျွမ်းမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့်ဒေသများသို့ စစ်တပ်ကို ဖြန့်ကြက်ခဲ့သည်။ သို့သော် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ကိန်းဂဏန်းအချက်အလက်များအရ အဆိုပါစည်းမျဉ်းမှာလည်း တောမီးလောင်ကျွမ်းမှုကို တားဆီးနိုင်ခြင်းမရှိဟု ယူဆစရာဖြစ်သည်။
Ref:BBC(KNT)