နိုဝင်ဘာ ၃၊ ဗီယင်နာ
ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် သေနတ်သမားများက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ်ရှိ တည်နေရာ ၆ ခုတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါဖြစ်ရပ်မှာ စက်ဆုပ်ရွံရှာစရာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု သြစတြီးယားဝန်ကြီးချုပ် ဆီဘက်ရှန်ကာ့ဇ်က မှတ်ချက်ပေးခဲ့ပြီး သေနတ်သမားတစ်ယောက်ကို အသေဖမ်းမိခဲ့သည်ဟု ဆိုသည်။
သို့သော် အနည်းဆုံး တိုက်ခိုက်ရေးသမား နောက်တစ်ဦး ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်၍ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ဗီယင်နာမြို့လယ်ရှိ ဂျူးဘုရားကျောင်းအနီးတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အဆိုပါနေရာမှာ ပစ်မှတ် ဟုတ်၊ မဟုတ် တိတိကျကျ မသိရသေးပေ။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် လူတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဟု မြို့တော်ဝန် လုဒ်ဝစ်က ပြောသည်။ ဒဏ်ရာရသူ ၁၄ ဦး ရှိသည့်အနက် ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်။ ဒဏ်ရာရသူများတွင် ရဲအရာရှိတစ်ဦးလည်း ပါဝင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ သြစတြီးယားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာခြင်းကို တားဆီးနိုင်ရန် နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုသစ်များ စတင်အကျုံးမဝင်မီ နာရီပိုင်းအလိုတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref:BBC(KNT)