နိုဝင်ဘာ ၃၊ ဝါရှင်တန်
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနေသည့် COVID-19 ရောဂါပိုးမှာ သန္ဓေပြောင်းပိုးဖြစ်ပြီး မူလရောဂါပိုးထက် ကူးစက်မှု ပိုမိုလွယ်ကူသည်ဟု လေ့လာမှုတစ်ရပ်တွင် ဖော်ပြသည်။ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ ဆေးရုံတွင် COVID-19 လူနာ ၅၀၀၀ ကျော်ကို လေ့လာမှုလုပ်ခဲ့ရာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းမှာ D614G ဟု ခေါ်ဆိုသည့် သန္ဓေပြောင်းပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းမှ COVID-19 လူနာများအနက် ၈၅ ရာခိုင်နှုန်းမှာ သန္ဓေပြောင်းပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ D614G သန္ဓေပြောင်းပိုးမှာ အများဆုံးတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဖြစ်နေပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဥရောပတွင် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာခရီးသွားလာမှုများကြောင့် သန္ဓေပြောင်းပိုးမှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ကမ္ဘာ့တိုက်ကြီးများသို့ ကူးစက်ပြန့်ပွားသွားခဲ့ပြီး အမေရိက၊ သမုဒ္ဒရာပိုင်း ဇုန်နှင့် အာရှတိုက်များထံ ရောက်ရှိလာခဲ့သည်။
D614G သန္ဓေပြောင်းပိုးမှာ မည်သည့်အတွက်ကြောင့် အတွေ့များသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ဖြစ်လာသည်ဆိုခြင်းကို ဆုံးဖြတ်နိုင်ရန် သိပ္ပံပညာရှင်များက ကြိုးပမ်းလျက်ရှိသည်။ သန္ဓေပြောင်း သွားသည့်အတွက် အသက်ရှူလမ်းကြောင်း အပေါ်ဘက်ရှိ ဗိုင်းရပ်စ်ပမာဏ များပြားလာခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ယူဆထားသည်။ ထို့ကြောင့် ရောဂါပိုးရှိသူက စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းများ လုပ်ပါက ရောဂါပိုး ကူးစက်ပြန့်ပွားရန် ပိုမိုလွယ်ကူလာဖွယ်ရှိသည်။
ပြီးခဲ့သည့်နွေဦးကာလတွင် COVID-19 ရောဂါ ပထမလှိုင်း ဖြစ်ပွားခဲ့ချိန်က ဟူစတန်မြို့တွင် D614G သန္ဓေပြောင်းပိုး ကူးစက်ခံရသူမှာ ၇၁ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင် ကူးစက်ခံရသူ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ရှိလာခဲ့သည်။
Ref:BBC(KNT)