နိုဝင်ဘာ ၂၊ အော့တဝါ
ကနေဒါနိုင်ငံ ကူဘတ်မြို့တွင် သမိုင်းအလယ်ခေတ် ဝတ်စုံဝတ်ဆင်ထားပြီး ဓားကိုင်ထားသည့် အမျိုးသားတစ်ဦးက အနည်းဆုံး လူနှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဟောလိုးဝင်း ( တေစ္ဆကြီးများပွဲ) ပွဲတော်ညတွင် ဖြစ်ပွားခဲ့သည့် ဓားထိုးတိုက်ခိုက်မှု၌ အခြားသူငါးဦး ဒဏ်ရာရခဲ့သည်။ တနင်္ဂနွေနေ့နံနက် ၁ နာရီဝန်းကျင်အချိန်တွင် အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေချိန်အတွင်း ဒေသခံများအနေဖြင့် အိမ်တံခါးပိတ်ပြီး နေထိုင်ကြရန် ရဲတပ်ဖွဲ့က အကြံပြုခဲ့သည်။
အဆိုပါဓားထိုးတိုက်ခိုက်မှုမှာ သမိုင်းဝင် ကူဘတ်မြို့ဟောင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ သံသယရှိသူအနေဖြင့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့်မဟုတ်ဘဲ အခြားအကြောင်းကိစ္စကြောင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆနိုင်သည့် အထောက်အထားမတွေ့ရသေးကြောင်း ရဲတပ်ဖွဲ့က တွစ်တာတွင် ရေးသားထားသည်။ သံသယရှိသူမှာ အဖမ်းခံရချိန်တွင် ခြေဗလာဖြင့် မြေပေါ်တွင် လဲနေပြီး ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခဲ့သည်ဟု ကူဘတ်မြို့အခြေစိုက် Le Soleil သတင်းစာက ဖော်ပြသည်။ ယင်းမှာ တစ်စုံတစ်ရာ ခုခံခဲ့ခြင်းမရှိဘဲ ရဲတပ်ဖွဲ့ကို အညံ့ခံခဲ့သည်ဟု ဖော်ပြသည်။ သံသယရှိသူကို ဖမ်းဆီးခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေ စစ်ဆေးရန် ဆေးရုံတင်ပို့ခဲ့သည်။ ဒဏ်ရာရသူ ငါးဦးမှာလည်း ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။ အဆိုပါဖြစ်ရပ်တွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများ၏ အမည်နှင့် အသက်အရွယ်ကို ရဲတပ်ဖွဲ့က အသေးစိတ်ဖော်ပြခြင်း မရှိသေးပေ။
Ref:BBC(KNT)