နိုဝင်ဘာ ၂၊ ဝါရှင်တန်
မစ်ဆူရီပြည်နယ်ရှိ မဲပုံးများအနီး ကြိုးကွင်းတစ်ခု ချိတ်ဆွဲထားခြင်းမှာ မဲဆန္ဒရှင် လူမည်းများကို ခြိမ်းခြောက်ရာရောက်နိုင်သည်ဟု ဒေသခံ ဒီမိုကရက်တစ်ပါတီဝင်များက စောဒကတက်ခဲ့ပြီးနောက်အရာရှိ များက ကြိုးကွင်းကို ဖုံးအုပ်ခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် ကြုံတွေ့ရသည့် အငြင်းပွားဖွယ်ဖြစ်ရပ်များအနက် တစ်ခုဖြစ်သည်။ တက္ကဆက် ပြည်နယ်တွင်လည်း သမ္မတဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံသူများက ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးရေးဘတ်စ်ကားကို ဝိုင်းခဲ့ကြသည်။ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်တွင် မဲပေးရေး လှုံ့ဆော်သည့် စုဝေးပွဲတွင်လည်း တက်ရောက်လာသူများကို ငရုတ်ရည်ဖြင့် ပက်ဖျန်းပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မည်သူအနိုင်ရသည်ဖြစ်စေ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။
သဘောထားအမြင် ကောက်ခံမှုများအရ လက်ရှိအချိန်တွင် ဂျိုးဘိုင်ဒင် အသာရနေသော်လည်း ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့် အလှည့်အပြောင်းဖြစ်နိုင်သော ပြည်နယ်များတွင် ယင်း၏ အသာရမှုမှာ ကျဉ်းမြောင်းနေသည်။
မစ်ဆူရီပြည်နယ်၊ စတုန်းကောင်တီရှိ ဒီမိုကရက်တစ်ပါတီဝင်များက မဲပုံးများရှိသည့် အခန်းအတွင်း ကြိုးကွင်းတစ်ခုရှိနေကြောင်း သတိထားမိခဲ့ခြင်းဖြစ်သည်။ '' အခုလို ကြိုးကွင်းထားရှိတဲ့ ရည်ရွယ်ချက်က လူမျိုးရေးမုန်းတီးမှု မီးတောက်တွေ ကြီးထွားလာပြီး လူမည်းတွေရဲ့ နှလုံးသားထဲမှာ အကြောက်တရား ဖြစ်ပေါ်လာရေးပါပဲ။ ဒါက စော်ကားရာရောက်တယ်။ မသင့်တော်ပါဘူး။ နာကြည်းခံပြင်းစရာပါ'' ဟု မစ်ဆူရီပြည်နယ်၊ ဒီမိုကရက်တစ်ပါတီ ယာယီဥက္ကဋ္ဌ ကလမ်စမစ်က ပြောသည်။ သို့သော် အဆိုပါကြိုးကွင်းမှာ ပုံတူတစ်ခုသာဖြစ်ပြီး မဲပုံးများထားရှိသည့် ကောင်တီအဆောက်အအုံတွင် သမိုင်းပြပွဲကျင်းပမှု တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲရုံးနှင့် ပတ်သက်မှုမရှိကြောင်း ကောင်တီအရာရှိ စင်ဒီအယ်လ်မိုးက ပြောသည်။ ပြီးခဲ့သည့်သောကြာနေ့နံနက်တွင် အဆိုပါကြိုးကွင်းကို ဖုံးကွယ်ခဲ့သည်ဟု ယင်းက ဆိုသည်။ အမေရိကန်နိုင်ငံတွင် စာတိုက်မှတစ်ဆင့် မဲပေးသူ ၅၅ သန်း အပါအဝင် ကြိုတင်မဲပေးသူ ၈၅ သန်းကျော်ရှိပြီး ရာစုနှစ်တစ်ခုအတွင်း မဲပေးသူအများဆုံးပမာဏအဖြစ် စံချိန်တင်ဖွယ်ရှိနေသည်။
Ref:BBC(KNT)