ရန်ကုန် ဧပြီ ၃၀
ယခုအခါ ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ခရီးသည်တင် အဝေးပြေး ကားဂိတ်အများစု ပိတ်ထားကြသလို ခရီးသွားလာသူများလည်း မရှိခြင်းကြောင့် အဆိုပါအောင်မင်္ဂလာ အဝေးပြေးကားဝင်း အပေါ် မှီခိုလုပ်ကိုင်စားသောက်နေကြသော အခြေခံလူတန်းစားများအနေနှင့် စားဝတ်နေရေးအတွက် အခက်အခဲများရှိလာကြောင်း သိရသည်။
အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် လက်ပွေ့စျေးသည်များ၊ လမ်းဘေးစျေးသည်များ၊ ခရီးသည်ခေါ် ပေးသူများ၊ ထမင်းဆိုင်၊ စတိုးဆိုင်များတွင် လုပ်ကိုင်နေကြသူများ အစရှိသော အခြေခံလူတန်းစားများ မှီခိုလုပ်ကိုင်စားသောက်နေကြပြီး ယခုအခါ ကားဝင်းတစ်ခုလုံးရှိ ကားဂိတ်များ၊ ထမင်းဆိုင်များ၊ စျေးဆိုင်များ အားလုံးနီးပါး ပိတ်ထားကြသဖြင့် စျေးများ၊ ရပ်ကွက်များသို့ လှည့်လည်၍ စျေးရောင်းကြသူများရှိသလို ဆောက် လုပ်ရေးလုပ်ငန်းများတွင် နေ့စား သွားရောက်လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။
"ကျွန်တော်တို့ဆိုင်က ကောင်လေးဆိုရင် မနက်အစောကြီး စက်ဘီးနဲ့ ပြည်လမ်းမဘေးက ခရေပင် မှာသွားပြီး ခရေပန်းသွားကောက်တယ်။ ပြီးရင် ရေဆေး၊ ကြိုးနဲ့သီပြီး မီးပွိုင့်တွေမှာ ခရေပန်းလိုက် ရောင်းတယ်။ ကျွန်တော်တို့က သူ့ကို ထမင်းကျွေးထားတယ်။ နေစရာလည်းပေးထားတယ်။ ဒါပေမဲ့ ဒီလပိုင်းမှာက ဆိုင်ပိတ်ထားရလို့ သူ့ကိုလစာအပြည့် မပေးနိုင်တော့ သူ့ဘာသာ ထပ်ဖြည့်ရှာရတဲ့သဘော ဖြစ်နေတယ်" ဟု အောင်မင်္ဂလာအဝေးပြေးမှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် မြို့များအသီးသီးတွင် ခရီးသွားများ ရောက်ရှိလာပါက quarantine ၂၁ ရက်ထားသော အစီအစဉ်များ ပြုလုပ်လာကြသောကြောင့် ခရီးသွားသူများ မရှိသလောက် နည်းပါးသွားသလို အဝေးပြေးကားဂိတ်များလည်း ပိတ်ထားကြကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)