နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွင် အဓိကရောင်းရသော မြန်မာ့ကတ္တီပါဖိနပ်များ ယခုနှစ်တွင် ရောင်းအားကျဆင်း

ရန်ကုန်၊  နိုဝင်ဘာ  ၂

ပြည်တွင်းရှိ မြို့ကြီးအချို့တွင်ရှိသော တစ်နိုင်တစ်ပိုင် ဖိနပ်လုပ်ငန်းများမှနေ၍ ဒီဇိုင်းဆန်းသစ်တီထွင်ကာ သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ကာလများတွင်  အဓိကထားရောင်းချကြသော မြန်မာ့ကတ္တီပါဖိနပ်များ သည် ယခုနှစ်တွင် ရောင်းအားကျဆင်းလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းမှ တစ်နိုင်တစ်ပိုင် ဖိနပ်ထုတ်လုပ်သောလုပ်ငန်းများသည် အများအားဖြင့် ကတ္တီပါဖိနပ်နှင့် သားရေဖိနပ်များကို ထုတ်လုပ်ရောင်းချကြကြောင်း၊ သားရေဖိနပ်များကို တစ်နှစ်ပတ်လုံး ဈေးကွက်အနေအထား အပေါ် မူတည်ကာ ထုတ်လုပ်ကြပြီး ကတ္တီပါဖိနပ်များကို သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ကာလနှင့် ပွင့်လင်းရာသီတွင် အဓိကထား၍ ထုတ်လုပ်ရောင်းချကြကြောင်း သိရသည်။

မြန်မာ့ကတ္တီပါဖိနပ်များကို သားရေစိမ်းကတ္တီပါ၊ ပုံတော်ကတ္တီပါ၊ ခွာထောက်ကတ္တီပါ စသည်ဖြင့် ခွဲခြားထားပြီး စီးကွင့်မျိုးစုံထိုးကာ ယောက်ျားစီး၊ မိန်းမစီး၊ ကလေးစီးဟူ၍ အမျိုးအစားစုံလင်စွာ ထုတ်လုပ် ရောင်းချကြကြောင်း၊ ဖိနပ်ဈေးနှုန်းများမှာ အနည်းဆုံးငွေကျပ် တစ်ထောင်ကျော်မှ တစ်သောင်းကျော်အထိရှိပြီး လူတန်းစားမရွေး လှပသေသပ်စွာ စီးနိုင်စေရန် ထုတ်လုပ်လေ့ရှိကြကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်များတွင် မြန်မာ့ကတ္တီပါဖိနပ်များအား ဈေးကွက်ဝင်စေရန် ဒီဇိုင်းဆန်းများ အပြိုင်အဆိုင် ဖန်တီးထုတ်လုပ်လာကြသော်လည်း တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား ကျဆင်းလာကြောင်း၊ ယခုနှစ်တွင် COVID-19 ကူးစက်ပြန့်ပွားမှုများကြောင့် လူအများ ပြင်ပသို့သွားလာမှုများ လျော့နည်းသွားသလို အလှူအတန်း များလည်း မပြုလုပ်ကြခြင်းကြောင့် ကတ္တီပါဖိနပ်များ ဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖိနပ်ဝယ်စီးသူများသည် ဈေးနှုန်းသက်သာပြီး ဒီဇိုင်းဆန်းလှပသော တရုတ်ဖိနပ်များ ကိုသာ ဦးစားပေးရွေးချယ်လာကြပြီး ပြည်တွင်းဖြစ်ဖိနပ်များကို ဝယ်ယူမှုနည်းပါးလာကြောင်း၊ ပြည်တွင်းဖြစ် ဖိနပ်များကို နယ်ဘက်ဒေသများတွင် ဝယ်စီးသူပိုများပြီး ရန်ကုန်မြို့ရှိ လက်ကားကုန်သည်များမှတစ်ဆင့် နယ်ဘက်ဒေသများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ