နိုဝင်ဘာ ၁ ၊ ဝါရှင်တန်
အမေရိကန်နိုင်ငံမှာ စာသင်ကျောင်းတစ်ကျောင်းမှာ လျှပ်စစ်မီတာခ လျှော့ချနိုင်ရန်အတွက် ဆိုလာ စွမ်းအင်အသုံးပြုခဲ့ပြီး ပိုလျှံလာသည့် ငွေကြေးများဖြင့် ဆရာ၊ ဆရာမများကို လစာတိုးပေးနိုင်ခဲ့ကြောင်း SunnySkyz သတင်းဌာနက ဖော်ပြသည်။ ၂၀၁၇ ခုနှစ်တွင် စွမ်းအင်စာရင်းစစ်ဆေးမှု ခံယူခဲ့ပြီးနောက် အာကန်းဆက်ပြည်နယ်ရှိ ဘာတက်စ်ဗီးလ်အထက်တန်းကျောင်းက ဆိုလာစွမ်းအင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ခရိုင်ကျောင်းတွင် လျှပ်စစ်စွမ်းအင်အစား ဆိုလာစွမ်းအင် ပြောင်းလဲအသုံးပြုပါက လာမည့် နှစ် ၂၀ အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း သက်သာစေနိုင်သည်ဟု စွမ်းအင်စာရင်းစစ်က ပြောခဲ့ပြီးနောက် ဘာတက်စ်ဗီးအထက်တန်းကျောင်းက ဆိုလာပြား ၁၄၀၀ ကျော် တပ်ဆင်ခဲ့သည်။
ထို့နောက်တွင် ခရိုင်ကျောင်း၏ နှစ်စဉ်စွမ်းအင် သုံးစွဲမှုပမာဏမှာ ကီလိုဝပ် ၁ ဒသမ ၆ သန်း လျော့နည်းသွားခဲ့ပြီး ၃ နှစ်အတွင်း ခရိုင်ဘတ်ဂျက်လိုငွေပြမှု အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ရှိရာမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ပိုလျှံသည့် အနေအထားဖြစ်လာခဲ့သည်။
ပိုလျှံလာသည့် ငွေကြေးများဖြင့် ဆရာ၊ ဆရာမများအတွက် လစာတိုးပေးခဲ့ရာ ဆရာ၊ ဆရာမ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ၃၀၀၀ ကြား ပိုမိုရရှိခဲ့သည်။ ဘာတက်စ်ဗီးလ်မြို့ ခရိုင်ကျောင်းတွင် ဆိုလာစွမ်းအင် အသုံးပြုပြီး ဆရာ၊ ဆရာမများ လစာတိုးပေးရေး စီမံကိန်း အောင်မြင်ခဲ့ပြီးနောက် ပတ်ဝန်းကျင်ဒေသများတွင်လည်း အလားတူ ဆောင်ရွက်မှုများ ရှိခဲ့သည်။ '' ဒီဒေသတစ်ဝိုက်မှာ ကျွန်တော်တို့ ပုံစံအတိုင်း အတုယူ ဆောင်ရွက်ခဲ့တဲ့ ခရိုင်ကျောင်း ၂၀ မက ရှိပါတယ်။ ကျွန်တော်တို့မှာ သက်သေပြစရာ ကိန်းဂဏန်းတွေ ရှိပါတယ်။ အပြောနဲ့ အလုပ် ညီမျှတဲ့ စွမ်းဆောင်မှုလည်း ရှိပါတယ်။ ဒါက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ခရိုင်ကျောင်းတွေအတွက် အလွယ်တကူရရှိနိုင်တဲ့ အောင်မြင်မှုတစ်ခုပါ'' ဟု ခရိုင်ပညာရေးမှူး ဟက်စတာက ပြောသည်။
Ref:BBC(KNT)