ရန်ကုန် ဧပြီ ၃၀
COVID-19 သက်ရောက်မှုကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက်ဆက်လက်ခွင့်ပြုနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကို ဧပြီ ၂၉ ရက်၊ နံနက် ၁၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍအတွက် တရုတ်နှင့် ဟောင်ကောင်တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။
ယခုကဲ့သို့ အတည်ပြုပေးခဲ့သောလုပ်ငန်းများတွင် CMP စနစ်ဖြင့် ဆောင်ရွက်မည့် အိတ်ချုပ်လုပ်ငန်းများ၊ အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများနှင့် Roof Sheet, Deck Sheet, Steel Angel ထုတ်လုပ်သည့် လုပ်ငန်းတို့ ပါဝင်ခဲ့ကြသည်။
ယင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၂၁ သန်းနှင့် မြန်မာကျပ်ငွေ ၁၂၅၅ ဒသမ ၀၅ သန်းဖြစ်ပြီး လုပ်ငန်း(၅)ခုတို့မှ ပြည်တွင်းလုပ်သား ၁၉၀၀ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးသူ(City News)