နိုဝင်ဘာ ၁ ၊ လန်ဒန်
ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေးဝန်ကြီးဌာနအတွက် ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကပ်ဘေးကြုံရမည့် အခြေအနေကို တားဆီးကာကွယ်ရန်အတွက် ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ဒုတိယ အကြိမ်မြောက် ပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့သည်။ ယခုနှစ် ခရစ္စမတ်ကာလမှာ ယခင်နှစ်များနှင့် ကွာခြားနေနိုင်သော်လည်း ယခုအချိန်တွင် ပိတ်ဆို့မှုကြေညာလိုက်ခြင်းကြောင့် ခရစ္စမတ်ကာလတွင် မိသားစုများ ဆုံဆည်းနိုင်စေရန် မျှော်လင့်သည်ဟု ဘောရစ်ဂျွန်ဆင်က ဆိုသည်။ ယမကာဆိုင်များ၊ စားသောက်ဆိုင်များ၊ ကိုယ်လက်လေ့ကျင့်ရေးခန်းမများနှင့် မရှိမဖြစ် မလိုအပ်သည့် ဈေးဆိုင်များကို လာမည့်ကြာသပတေးနေ့မှစတင်၍ ရက်သတ္တလေးပတ်ကြာ ပိတ်ထားရမည်ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် နွေဦးကာလ ပိတ်ဆို့မှုကဲ့သို့မဟုတ်ဘဲ စာသင်ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို ဆက်ဖွင့်ခွင့်ပေးခဲ့သည်။ ဒီဇင်ဘာလ ၂ ရက် ကျော်လွန်ပြီးနောက် ကန့်သတ်မှုစည်းမျဉ်းများကို ဖြေလျှော့ပေးမည်ဖြစ်ပြီး ဒေသတစ်ဝန်းတွင် ပုံမှန်စီမံခန့်ခွဲမှုစနစ် ပြန်လည်ကျင့်သုံးမည်ဟု ဘောရစ်ဂျွန်ဆင်က ဆိုသည်။ စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုအတွက် အလွန့်အလွန် စိတ်မကောင်းဖြစ်မိသော်လည်း ဝန်ထမ်းများကို လစာ ၈၀ ရာခိုင်နှုန်းပေးပြီး ခွင့်ရက်ရှည်ပေးထားခြင်းကို နိုဝင်ဘာလကုန်အထိ သက်တမ်း တိုးမြှင့်သွားမည်ဟု ဆိုသည်။ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အနည်းဆုံးဖြစ်သည့် အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံများ၌ပင် လာမည့်ရက်သတ္တပတ်အတွင်း ဆေးရုံခုတင် ပြည့်ဖွယ်ရှိနေသည်ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။ '' ဆရာဝန်တွေ၊ သူနာပြုတွေက ဘယ်လူနာကို ကုရမလဲ၊ ဘယ်သူ့ကို အောက်ဆီဂျင်ပေးရမယ်၊ ဘယ်သူ့ကိုတော့ မပေးဘူး၊ ဘယ်သူတော့ အသက်ရှင်ခွင့်ရမယ်၊ ဘယ်သူတော့ သေရလိမ့်မယ်ဆိုတာကို မတတ်သာလို့ ဆုံးဖြတ်နေရတဲ့ အခြေအနေဖြစ်နေပါတယ်'' ဟု ဘောရစ်ဂျွန်ဆင်က ဆိုသည်။
Ref:BBC(KNT)