နိုဝင်ဘာ ၁ ၊ မနီလာ
ယခုနှစ်အတွင်း အာရှတိုက်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်းဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း ဂိုနီ (Goni) က ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ တစ်နာရီ မိုင် ၁၄၀ နှုန်းရှိ လေပြင်း တိုက်ခတ်ခဲ့သည်။ တနင်္ဂနွေနေ့ နံနက် ဒေသစံတော်ချိန် ၄ နာရီ ၅၀ မိနစ်အချိန်က ကာတန်ဒူနက်စ်ကျွန်းသို့ တိုင်ဖွန်းမုန်တိုင်း ဂိုနီ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဟု ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောသည်။
ထို့နောက်တွင် မနီလာမြို့တည်ရှိသည့် လူဇုန်ကျွန်းမကြီးသို့ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူတစ်သန်း နီးပါး အိုးအိမ်စွန့်ခွာခဲ့ရသည်။ တိုင်ဖွန်းမုန်တိုင်း ဂိုနီကြောင့် လူဇုန်ကျွန်းမကြီး၊ ဝိသာယနှင့် မင်ဒါနာအို ကျွန်းတို့တွင် ရုတ်တရက် ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ရိုလီဟုလည်း လူသိများသည့် တိုင်ဖွန်းမုန်တိုင်း ဂိုနီမှာ ၂၀၁၃ ခုနှစ်က လူ ၆၀၀၀ ကျော် သေဆုံးခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ရင်ဆိုင်နေရခြင်းကြောင့် မုန်တိုင်းတိုက်ခတ်မှုကို ကြိုတင်ပြင်ဆင်ရန် အခက်အခဲ ကြုံတွေ့ခဲ့ရသည်။
Ref:BBC(KNT)